စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များနှင့် စည်ပင်အမှိုက်ကားများ လာပစ်သည့်အမှိုက်များကြောင့် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုရှိ ကျေးရွာများအတွင်း အမှိုက်ပုံများပိုမိုကြီးမားလာပြီး လမ်းပေါ်အထိရောက်လာကြောင်း သိရသည်။

မှော်စီစာကျေးရွာရှိ အောင်သာယာရပ်ကွက်နှင့် ဆောင်းချိန်ရပ်ကွက် လမ်းမဘေးရှိ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်ပုံမှာ လမ်းမပေါ်အထိရောက်ရှိလာပြီး အနံ့အသက်မှာလည်း အလွန်ဆိုးသည်ဟု အသက် ၄၂ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကို ဘယ်သူမှမတားနိုင်ကြတော့တာလား ဒါမှမဟုတ် ခွင့်ပြုထားတာလား။ မိုးတွင်းမိုးရွာလိုက်ပြီဆိုတာနဲ့ ဘာပုပ်စော်တွေနံမှန်းမသိအကုန် နှာခေါင်းထဲရောက်တယ်။ အခုဆိုလမ်းတောင် သွားဖို့မလွယ်တော့ဘူး။ အမှိုက်တွေနဲ့ ပြည့်နေပြီ” ဟုပြောသည်။

ယခင်အချိန်များက အမှိုက်မပစ်ရဟု ဆိုင်းဘုတ်များ ထားရှိသော်လည်း လက်ရှိအချိန်တွင် အဆိုပါဆိုင်းဘုတ်မှာ အမှိုက်များဖြင့်ဖုံးနေပြီး ပြည်သူများစည်းကမ်းမဲ့ လာရောက်စွန့်ပစ်နေကြခြင်းဖြစ်ကြောင်း အသက် ၅၆ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ပြည်သူလူထုက အသုံးမကျလို့ စည်းမရှိလို့ အဲ့အမှိုက်ပုံက ပြည်သူလူထုက ပစ်လို့ပုံနေတာ ဘာလို့ပစ်တာတုန်းဆို အဲ့မှာပစ်တဲ့အရာရှိနေလို့။ အမှိုက်ပစ်တဲ့နေရာကို သီးသန့်လေးရှိရမယ် အဲ့တာမရှိလို့ ပေါက်ကရလေးဆယ် လျောက်ပစ်နေကြတာ အဲ့ကအနံ့ဘယ်လောက်နံလဲဆို အဲ့နားရောက်ရင် လူတိုင်းပျို့အန်တယ်” ဟုပြောသည်။

မိုးရွာသောအချိန်တွင် အဆိုပါအမှိုက်ပုံမှစီးဆင်းလာသောရေများက ကျေးရွာအတွင်းပြန်လည်ဝင်ရောက်လာပြီး လမ်းများတွင် ရေဝပ်ကာ အမှိုက်များညစ်ပတ်နေသောကြောင့် ကျန်မာရေးထိခိုက်မည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြခြင်းဖြစ်သည်။

အမှိုက်ပုံကို နေရာပြောင်းရွှေ့ရန် လာမည့်ဆောင်းတွင်းကာလတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါနေရာတွင် အမှိုက်ပစ်သူများကိုလည်း ဒဏ်ကြေးကောက်ခံသွားရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရပ်ရွာအရေးလိုက်လံဆောင်ရွက်ပေးနေသည့် အောင်သာယာရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်း အဲ့ဒီအမှိုက်ပစ်တဲ့ကိစ္စဘက်ကို သိပ်အာရုံမရောက်ဖြစ်လိုက်ဘူး။ ဆောင်းတွင်းကြရင် အကုန်ပြောင်းပေးမှာ အမှိုက်ပုံတွေကိုလေ။ မိုးတွင်းကတော့ ဒီအတိုင်းထားထားရဦးမယ်။ အမှိုက်ပစ်ချပါက ဒဏ်ငွေဘယ်လောက်၊ ဘယ်လောက်ဆိုပြီး ကပ်ဖို့ရှိတယ်။ အတတ်နိုင်ဆုံးအဆင်ပြေအောင် လုပ်ပေးသွားပါမယ်။ ဒီကြားထဲတော့ သည်းခံပြီးနေပေးကြပါဦး” ဟုပြောသည်။

လူနေရပ်ကွက်အတွင်းရှိ လမ်းဘေးများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ မရှိစေလိုဘဲ လူနေရပ်ကွက်နှင့်ဝေးသည့် နေရာတွင် အမှိုက်စွန့်ပစ်ရန် နေရာကို သီးသန့်သတ်မှတ်ပေးစေလိုကြောင်း ဒေသခံများကပြောသည်။

သတင်း – SK

ဓါတ်ပုံ – မှော်စီစာကျေးရွာအတွင်းရှိ အမှိုက်ပုံများကိုမြင်ရပုံ

သင့်ထင်မြင်ချက်ရေးပေးပါ