တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရေဦးမြို့နယ် ရေမျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို ယနေ့ နံနက် ၉ နာရီခွဲခန့်က တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဘုရားဆင်းတုတော် ငါးဆူထက်မနည်း ပျက်စီးခဲ့ရပြီး စေတီတစ်ဆူလည်း ထီးတော်မြေခခဲ့သည်ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က The 74 Media ကိုပြောသည်။

“ဒေသခံတွေထိခိုက်သေဆုံးမှုတော့မရှိဘူး။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတော့ ထိခိုက်ပျက်စီးမှု ရှိတယ်။ အဲ့ရွာမှာလည်း စစ်ကြောင်းမရှိဘူး မြေပြင်မှာတိုက်ပွဲဖြစ်နေတာမျိုးလည်းမရှိဘူး၊ ဘာကြောင့်အခုလိုလာကြဲသွားတယ်ဆိုတာတော့မသိဘူး၊ ရွာစာသင်ကျောင်းမှာတစ်လုံးကျတယ်၊ ဘုန်းကြီးကျောင်းဘေးမှာတစ်လုံးကျတယ်” ဟုပြောသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံအနီးတွင်လည်း ဗုံးတစ်လုံးကျရောက်ခဲ့သော်လည်း ပေါက်ကွဲခဲ့ခြင်း မရှိကြောင်း သူကပြောသည်။

ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ကျောင်းပိတ်ထားသဖြင့် ကျောင်းသားများထိခိုက်မှုမရှိခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျောင်းလည်းပျက်စီးသွားတယ် ကံကောင်းတာကျောင်းပိတ်ထားချိန်ဖြစ်သွားတာ။ အခုရွာထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ နီးစပ်ကျေးရွာမှာတွေ ထွက်ပြေးတိမ်းရှောင်နေကြတာ။ မပေါက်သေးတဲ့ဗုံးတွေလည်း ရှိလို့လေ” ဟုပြောသည်။

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် လေယောဉ်သုံးစင်းထပ်မံပျံသန်းမှုရှိခဲ့သည်ဟု သူကပြောသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ရေဦးမြို့နယ်၊ ထန်းသောကျေးရွာရှိ ဗောဓိစာသင်ကျောင်းကို ဗုံးကြဲခဲ့သောကြောင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

ရေဦးမြို့နယ် ရေမျက်ကျေးရွာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း Mi-35 အမျိုးအစား တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး နေအိမ် ၆၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်။

သတင်း – Dureng

ပုံ – People’s Defense Comrade

သင့်ထင်မြင်ချက်ရေးပေးပါ