ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီ၊ လီဆူပြည်သူ့စစ်ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့စဉ် ပျောက်ဆုံးခဲ့သော ပြည်သူနှစ်ဦးကို နှစ်ပါတ်ကြာသည်အထိ ပြန်လည်တွေ့ရှိခြင်းမရှိသောကြောင့် နာရေးပြုလုပ်ရန်ပြင်ဆင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က လဂတ်ကောင်အနီးတိုက်ပွဲဖြစ်ပွားချိန် အင်ဝမ်ကောင်းကျေးရွာမှ ဒေသခံပြည်သူငါးဦး တောင်ယာမှထွက်ပြေးခဲ့ရပြီး နှစ်ဦး ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု သမီးဖြစ်သူက The 74 Media ကိုပြောသည်။

“ရွာကနေ လမ်းလျှောက်သွားရင် တစ်နာရီကျော်လောက်သွားရတဲ့နေရာဟုတ်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးတယ်။ အဖေနဲ့ အမေက ဆန်၊ ထမင်းချက်စားဖို့ အိုးလည်းပါတယ် နေရာခွဲပြီး ထွက်ပြေးလာတာ။ အခုချိန်ထိ သတင်းအစအနမရတော့ သေဆုံးသွားတယ်လို့ပဲ ထင်တာပေါ့။ ကျန်တဲ့သုံးယောက်ပြောတာတော့ မတွေ့တာငါးရက်လောက်ရှိပြီလို့ပြောတယ်” ဟုပြောသည်။

ပျောက်ဆုံးနေသူနှစ်ဦးမှာ ကျန်သုံးဦးနှင့်အတူ ပုန်းနေရာမှရွာသို့ ပြန်မည်ဟုဆိုကာ ထွက်သွားပြီးနောက် သေနတ်ပစ်ခတ်သံများကြားခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် သေဆုံးသွားပြီဟု သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တောင်ယာအတူတူလုပ်တာ စစ်ကြောင်းတက်လာတော့ ထွက်ပြေးကြတာ အဘိုးကြီးနဲ့ အဘွားကြီးက နည်းနည်းငြိမ်ရင်ရွာပြန်တော့မယ်ဆိုပြီး ထွက်သွားတာ။ နဂိုက ကျောက်ဂူထဲမှာ အတူတူပုန်းနေကြတာတဲ့။ သူတို့ထွက်သွားပြီးနောက် သေနတ်သံတွေ အရမ်းမြည်လာပြီး လူကိုပြန်မတွေ့တော့ ဘယ်လိုပဲဖြစ်ဖြစ်သေပြီလို့ ပြောတာပေါ့” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သောနေရာသို့ ပျောက်ဆုံးခဲ့သည့် အသက် ၆၉ နှစ်ခန့်အရွယ်ရှိ ဦးကျင်းယူးဂမ်နှင့် အသက် ၇၀ ကျော်ခန့်အရွယ်ရှိ ဒေါ်ဒါရှီမဒွတ် ရုပ်အလောင်းသွားရောက်ရှာဖွေရန် စစ်ကြောင်းမှူးထံ ခွင့်တောင်းခဲ့သော်လည်း “မတွေ့ဘူး၊ မသိဘူး” ဟုသာပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသည်မှာလည်း နှစ်ပါတ်ကျော်ကြာမြင့်လာပြီဖြစ်သောကြောင့် မိသားစုဝင်များက ဇူလိုင်လ ၁၅ ရက်နေ့တွင် နာရေးဆုတောင်းပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရုပ်အလောင်းပြန်လည်ရရှိခြင်း မရှိသေးဘဲ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပါက မည်သည့်အကြောင်းပြချက်ကြောင့် သတ်ဖြတ်ခံခဲ့ရသည်သိရှိလိုကြောင်း သမီးဖြစ်သူကဆက်ပြောသည်။

“အဖေက နားနည်းနည်းမကြားဘူး ထွက်ပြေးလာတဲ့အချိန် စစ်တပ်နဲ့တွေ့ပြီး ပြန်မပြောတတ်ဆိုတော့ ဘယ်လိုတွေးပြီးသတ်လိုက်သလဲ မပြောတတ်ဘူး။ ဘာဖြစ်လို့ ဘာအကြောင်းကြောင့် အသက်ကြီးတဲ့အဖေနဲ့ အမေကို သတ်လိုက်သလဲ သိချင်တယ်” ဟုပြောသည်။

ဦးကျင်းယူးဂမ်နှင့် ဒေါ်ဒါရှီမဒွတ်တို့၏ သားဖြစ်သူ ဦးဘောမ်နူးဆိုသူကိုလည်း ဇူလိုင်လ ၄ ရက်နေ့က လီဆူပြည်သူ့စစ်တပ်ဖွဲ့ဝင်များက တောင်ယာမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိက္ခာများသယ်ခိုင်းခဲ့ကာ နောက်တစ်ရက်တွင် ထွက်ပြေးလွတ်မြောက်လာကြောင်း မိသားစုဝင်များထံက သိရသည်။

လူမျိုးခြားဖြစ်သောကြောင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိဘဲ သေဆုံးသွားပြီမှာမှန်ကြောင်း ဆဒုံးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တချို့လူတွေကျတော့ အမျိုးမျိုးပြောနေကြတာ၊ ပြန်လွတ်လာတဲ့နှစ်ယောက်က လီဆူလူမျိုးဆိုတော့ ပြန်လွတ်လိုက်တယ်ပေါ့။ အသတ်ခံရတဲ့နှစ်ယောက်က လာချိဒ်လူမျိုးဆိုတော့ အမျိုးမျိုးပြောနေကြတာ။ အသတ်ခံရတဲ့ လင်မယားနှစ်ယောက်က ကျောက်ဆောင်နားမှာပဲ အသတ်ခံလိုက်ရတာ” ဟုပြောသည်။

သေဆုံးခဲ့သည်မှာ သေချာကြောင်း မြေပြင်သတင်းရင်းမြစ်အချို့က အတည်ပြုပြောကြသော်လည်း သေဆုံးခဲ့ပုံနှင့် အကြောင်းအရင်းကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင်တွင် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၅ ရက်နေ့အထိ စစ်ကောင်စီပူးပေါင်းတပ်နှင့် KIA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး လဂတ်ကောင်ရှိ KIA ရှေ့တန်းတပ်စခန်း တစ်ခုကိုလည်း သိမ်းဆည်းခံခဲ့ရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ