တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကရင်နီ – ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို ယနေ့နံနက် ၁ နာရီခန့်က လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် ပြည်သူတစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သန်းခေါင်ယံအချိန်တွင် တိုက်လေယာဉ်ဖြင့် လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေါနိုးကူစစ်ရှောင်စခန်းမှ ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများလည်းပျက်စီးခဲ့သည်ဟု KNPP ၏ အတွင်းရေးမှူး – ၂ က The 74 Media ကို ပြောသည်။

“ဗုံးကြဲတာထိသွားတော့ အရပ်သားစစ်ရှောင်တစ်ဦး ဆုံးသွားတယ်။ မိန်းမနဲ့ ကလေးငယ်တစ်ဦး ကျန်ခဲ့တယ် ဘာမှမထိဘူး။ သူကကျတော့ ဗုံးကျင်းထဲ ဝင်မပုန်းနိုင်တော့ထိသွားတာပေါ့။ နည်းနည်းဒဏ်ရာကြီးတာက သုံးဦးလောက်နဲ့ နောက်ထပ်နှစ်ဦး ဒဏ်ရာရသွားတာရှိတယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၂ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး စစ်ရှောင်စခန်းရှိ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဆေးပေးခန်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ကရင်နီလူအခွင့်အရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဗုံးလာကြဲသွားတဲ့ နေရာကလည်း ကလေးတွေစာသင်တဲ့နေရာ။ ကျတဲ့နေရာက စာသင်ကျောင်းမှာရော၊ တခြားနေရာတွေမှာရော တော်တော်များများ ပျက်စီးသွားတယ်” ဟုပြောသည်။

မယ်စဲ့မြို့နယ်၊ ကျောက်ဆူးကျေးရွာကိုလည်း ယမန်နေ့ည ၁၁ နာရီခန့်က စစ်ကောင်စီတပ်က တိုက်လေယာဉ် သုံးစီးဖြင့် လေးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၁၁ နှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဖြစ်စဉ်နှင့်နီးစပ်သူ လင်းယုန်ကပြောသည်။

“လေယာဉ်နဲ့ဆက်တိုက် ဗုံးလာကြဲသွားတယ်။ တစ်စီးပြီး တစ်စီးလာတာ။ ရွာသားတချို့ ထိခိုက်ဒဏ်ရာရတာရှိတယ် ကလေးတစ်ဦးဆုံးသွားတယ်။ အဲ့ရွာမှာက တချို့စစ်မရှောင်နိုင်သေးတဲ့သူတွေလည်း ကျန်သေးတယ်။ စစ်ကောင်စီတွေ ဗုံးကြဲတဲ့နေရာက တိုက်ပွဲလည်းမရှိဘူး။ တော်လှန်ရေးရဲဘော်တွေနေတဲ့ နေရာလည်း မဟုတ်ဘူး။ ဒါကတမင်သက်သက် လိုက်ကြဲတဲ့ပုံစံပေါ့” ဟုပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ဘုရားကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ကိုးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်း စစ်ရှောင်ပြည်သူ စုစုပေါင်း နှစ်သိန်းဝန်းကျင်ခန့်ရှိပြီး စစ်ကောင်စီတပ်က ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာ လုံလောက်မှုမရှိသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကရင်နီစစ်ရှောင်ကူညီရေးအဖွဲ့ထံမှသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စင်းဖြင့် သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ဆောင်နှစ်ခု၊ ပစ္စည်းသိုလှောင်ခန်းနှင့် စစ်ရှောင်နေအိမ်သုံးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – Credit to owner

သင့်ထင်မြင်ချက်ရေးပေးပါ