စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များ အခြေစိုက်ထားသည့် ရွှေကူရဲစခန်းကို ယမန်နေ့ မွန်းလွဲ သုံးနာရီခန့်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သုံးဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KIA ဦးဆောင်သည့် KPDF တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်ရှိအမည်မဖော်လိုသူ တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“ဗုံးနှစ်လုံးသွားချခဲ့တာ။ သုံးယောက်သေပြီး အနည်းဆုံးခြောက်ယောက်လောက် ဒဏ်ရာရမယ်။ မနေ့က သုံးနာရီလောက်ဖြစ်မယ်” ဟုဆိုသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ရွှေကူဆေးရုံတွင် ဆေးကုသမှုပေးနေသည်ဟု သူက ဆိုသည်။

ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ကချင်ပြည်နယ်တွင် ဇွန်လအကုန်ပိုင်းမှစတင်ကာ KIO/KIA ဌာနချုပ်အနီးရှိ ကျေးရွာများတွင် တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

သတင်း – ခရှီ

ဓာတ်ပုံ – The Irrawaddy (ပုံဟောင်းဖြစ်ပါသည်)

သင့်ထင်မြင်ချက်ရေးပေးပါ