စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ဖားကန့်မြို့နယ် ကာမိုင်း – လဝါးလမ်းဆုံတွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့ အခွန်ကောက်ခံလေ့ရှိသော နေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပြည်သူ့စစ်တွေ အခွန်လာကောက်တာကို KIA တွေ လာပစ်ပေးတယ်လို့ ကြားတယ်။ တစ်မနက်လုံး လက်နက်ကြီးနဲ့ပစ်တာ။ လယ်တောဘက်တွေပစ်နေတာ။ မနှစ်ကလည်း ဂိတ်ထိုင်လို့ KIA ဘက်က ရှင်းလိုက်တာ အခုပြန်လာထိုင်လို့ထင်တယ်” ဟုပြောသည်။

အဆိုပါစစ်ကောင်စီဂိတ်တွင် ခြုံရှင်းလင်းရေးပြုလုပ်နေသည့် ကားမိုင်းမြို့နယ် ဇီးကျွန်းရွာမှ ဒေသခံ အသက် ၅၆ နှစ်ခန့်အရွယ်ရှိ ဦးကျော်စိန်ဝင်းဆိုသူ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“စစ်ကောင်စီတွေက ကာဗာတွေယူမရအောင် ခြုံတွေကို ရှင်းခိုင်းထားတဲ့တစ်ယောက်က ရင်ဘတ်ညာဘက်မှာ ထိပြီး သေဆုံးသွားတယ်လို့ သိရတယ်။ ဘယ်သူ့ဘက်က ကျည်ထိပြီး သေသွားတာလည်းတော့ မသိဘူး။ နှစ်ဖက်တိုက်ပွဲကြားမှာ ရှိနေတာဆိုတော့” ဟုပြောသည်။

အင်အား ၁၅ ဦးခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA တပ်မဟာ (၉) တပ်ရင်း (၄၄) က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားနေချိန် ကာမိုင်းဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူခဲ့သည်ဟု သူကဆက် ပြောသည်။

“အရင်က စုပေါင်းဂိတ်ဌာနပေါင်းစုံထိုင်တဲ့နေရာ။ အခုတော့မရှိတော့ဘူး။ အခု ဗျူဟာကုန်းမှာနေတဲ့ စစ်ကောင်စီနှင့် ရှမ်းပြည်သူ့စစ်တွေပေါင်းပြီး လမ်းသွားလမ်းလာ ပြည်သူတွေကိုစစ်ဆေး၊ ကားတွေကို အခွန်ကောက်တာ ပုံမှန် အဲ့လိုလုပ်နေတာ” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ဖားကန့်မြို့နယ် ကောင်ရာကျေးရွာ မူလတန်းကျောင်းရှေ့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်လည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ