ခင်ဦးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီစစ်ကြောင်းက ဝါးရုံကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့သဖြင့် ဒေသခံပြည်သူတစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အင်အား ၁၅၀ ခန့်ပါရှိသော အဆိုပါစစ်ကြောင်းက ကျေးရွာအတွင်း ယမန်နေ့နံနက် ၁၁ နာရီခန့်က လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အသက် ၄၀ ကျော်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကြောင်းထိုးတော့မယ်ဆိုတာ ကြိုသိလို့ သူတို့မဝင်လာခင်ရွာကနေထွက်ပြေးတိမ်းရှောင်နိုင်ခဲ့တယ်။ စကစတွေ မနက်ဝင်လာတဲ့အချိန် လက်နက်ကြီး နှစ်ချက်ပစ်တယ် လက်နက်ငယ်တွေလည်း ရမ်းသမ်းပြီးတော့ ပစ်တယ်။ မိုးရွာထားလို့ အိမ် ၁၄ လုံး၊ ၁၅ လုံးပဲလောင်သေးတယ် အတိအကျတော့မသိဘူး စကစတွေရွာထဲက မထွက်သေးဘူး” ဟုပြောသည်။

အဆိုပါစစ်ကြောင်းမှာ ရေဦးမြို့နယ်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သော စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ ၇၀၂ နှင့် ခ.မ.ရ ၇၀၈ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်ကပြောသည်။

“ခင်ဦးနယ်ဘက်မှာစစ်ကြောင်းထိုးနေတာ ဇွန်လကတည်းကဟုတ်တယ်၊ အရင်ကရေဦးဘက်မှာ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးလုပ်တဲ့အဖွဲ့ဟုတ်တယ်၊ အခုတော့ရေဦးဘက်ထွက်ပြီး ခင်ဦးဘက်မှာ စစ်ကြောင်းပတ်ထိုးနေတာ တစ်လကျော်လောက်ရှိပြီး” ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကလည်း ခင်ဦးမြို့နယ် ကုန်းကြီးကျေးရွာနှင့် လယ်သစ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်လာကာ နေအိမ်များနှင့် ဒေသခံတစ်ဦးကို မီးရှီု့သတ်ဖြတ်ပြီး ဒေသခံ ၂၀ ခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဝါးရုံကုန်းကျေးရွာပါဝင်သော ရွာသစ်ကျေးရွာအုပ်စုသည် ခင်ဦးမြို့နယ် တောင်ဘက်အခြမ်းတွင်တည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ နှစ်ထောင်ကျော်ခန့် နေထိုင်သည်။

သတင်း – Dureng

ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး (ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာကို ဇူလိုင်လ ၅ ရက်နေ့မှ ၇ ရက်နေ့အတွင်း စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သည့် မြင်ကွင်း)

သင့်ထင်မြင်ချက်ရေးပေးပါ