စစ်ကောင်စီတပ်နှင့် Chin Defence Force – Mindat တို့အကြား တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် မင်းတပ် – ကံကြီး – ဆော လမ်းမကြီးအား သွားလာခွင့်ပိတ်ပင်လိုက်ကြောင်း CDF-Mindat က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

အင်အား ၁၀၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်း မကွေးတိုင်း ဆောမြို့နယ်ရှိ ကျောက်ထုမြို့မှ ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု CDF – Mindat ဗျူဟာမှူးက The 74 Media ကို ပြောသည်။

“စစ်ကြောင်းရှိနေလို့ ပြည်သူတွေအတွက် အန္တရာယ်ရှိလို့ လမ်းကြောင်းက ကြိုတင်ပိတ်ထားတာဖြစ်တယ်။ စစ်ရေးအခြေအနေကတော့ လတ်တလော ဘာမှထိတွေ့မှုတော့ မရှိသေးဘူး၊ ဖြစ်နိုင်ချေတော့များတယ်” ဟုပြောသည်။

ထုတ်ပြန်ချက်ကို ပြည်သူများများအနေဖြင့် လိုက်နာစေလိုပြီး စစ်ရေးအခြေအနေအရ ပြန်လည်သွားလာနိုင်သည့် အချိန်ကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

“ပြည်သူတွေရဲ့ အသက်အန္တာရယ်စိုးရိမ်လို့ လမ်းပိတ်ထားတာ ထုတ်ပြန်ချက်ကို ပြည်သူတွေလည်း လိုက်နာဖို့လိုပါတယ်။ စကစတွေရှိတယ် အဲ့ဒါကြောင့် လမ်းကြောင်းကပိတ်ထားတာ။ ပြန်ဖွင့်မယ်ဆိုရင် စစ်ကြောင်း အခြေအနေပြန်ကြည့်ပြီးမှပဲ ဖွင့်မှာပါ” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းကလည်း မကွေးတိုင်း၊ ကျောက်ထုမြို့နယ်နှင့် ချင်းပြည်နယ် မင်းတပ်မြို့ကြားတွင်လည်း အင်အား ၂၀၀ ခန့်ပါရှိသည့် ကား ၉ စီးပါ စစ်ကောင်စီထောက်ပို့ယာဉ်တန်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ဓါတ်ပုံ – Chin Defence Force – Mindat

သင့်ထင်မြင်ချက်ရေးပေးပါ