မူဆယ်မြို့၊ စက်မှုရပ်ကွက်အနီးတွင် ယမန်နေ့ည ၁၀ နာရီခန့်က စိုက်ပျိုးရေးခြံလုပ်ကိုင်နေသော အမျိုးသမီးတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

စက်မှုရပ်ကွက်နှင့် တစ်မိုင်ခန့်အကွာတွင်ရှိသော ‘ထွယ်’ ပန်းခြံအထက်တွင် တစ်ဦးတည်းနေထိုင်သည့် အမျိုးသမီးကို ရိုက်နှက်ထားသည့် ဒဏ်ရာနှင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“အခုပြန်စုံစမ်းလိုက်တော့ သူရဲ့အမျိုးသားက ပြည်သူ့စစ်တဲ့ သူ့ယောက်ျား သူများတွေနဲ့ ဘယ်လိုအဆင်မပြေဖြစ်လဲ မသိဘူး။ တစ်ယောက်တည်းနေတဲ့အချိန် ရိုက်နှက်ပြီးတော့ မသေလို့ထင်တယ် သေနတ်အတိုနဲ့ ခေါင်းမှာပစ်သတ်ထားတဲ့ ဒဏ်ရာတစ်ချက်လည်းရှိနေတယ်” ဟုပြောသည်။

အသတ်ခံရသူမှာ အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သွားသည်ကို မသိကြောင်း မြို့နေအမျိုးသမီးတစ်ဦးက ပြောသည်။

“သူတစ်ယောက်တည်း ခြံလုပ်ပြီးနေတာ မနေ့ညက မိုးလည်းရွာနေလို့လေ၊ ဘယ်သူတွေ ပစ်သတ်သွားတယ်ဆိုတာလဲ မသိရသေးဘူး။ အဲ့ဒီနေရာမှာပဲ ပစ်သတ်ထားတာ” ဟုပြောသည်။

The 74 Media ကရရှိထားသော ဓါတ်ပုံအရ သေဆုံးသူမှာ ဦးခေါင်းနောက်စေ့တွင် သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိထားပြီး နဖူးနှင့် မျက်နှာတို့တွင် သွေးများပေကျံနေသည်။

သေဆုံးသူ၏ရုပ်အလောင်းကို ယနေ့နံနက်က မူဆယ်မြို့ ရဲတပ်ဖွဲ့ဝင်များက လာရောက်သယ်ဆောင်သွားပြီး ပြည်သူ့ဆေးရုံးတွင် စစ်ဆေးမှုများပြုလုပ်ကာ မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

မန်‌ဂျယ်ပြည်သူ့စစ်တာဝန်ခံ ဦးကိုလေးဆိုသူကိုလည်း ပြီးခဲ့သည် ဇွန်လ ၁၆ ရက်နေ့က မူဆယ်မြို့၊ စက်မှုရပ်ကွက်ရှိ ခေါက်ဆွဲဆိုင်တစ်ခုတွင် အမည်မသိအဖွဲ့က လာရောက်ပစ်သတ်သွားခဲ့သည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ