မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့အနီး ယနေ့ နံနက် ၅ နာရီခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းရှိ ဒိန်ဂါကျေးရွာအုပ်စု ခါ့လားယန်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်သံများလည်းကြားခဲ့ရသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သေနတ်သံက တောင်ဟိုဘက်ဆိုတော့ သိပ်တော့မကြားရဘူး လက်နက်ကြီးက ၁၀ ကြိမ်ထက်မနည်း ကြားရတယ်။ သိပ်တော့ မမှတ်မိဘူး။ ဒေါ့ဖုန်းယန်ဘက်က ပစ်နေတာဟုတ်တယ်။ သူတို့(စစ်ကောင်စီ)က မနေ့က ဒေါ့ဖုန်းယန်စခန်းကနေ ဖြည်းဖြည်းပဲတက်လာတာ။ (ရွာထဲတွင်)အရက်ရှိလားတွေလည်းလိုက်မေးတယ်တဲ့” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေ့ရာသို့သွားရာလမ်းတွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒိန်ဂါကျေးရွာမှ ဒေသခံပြည်သူနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သူကဆက်ပြောသည်။

“မိန်းလမ်းမှာ လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်တွေ ကျောက်ခွဲစက်မှာလုပ်တဲ့ အမျိုးသားတစ်ယောက်နဲ့ ရွာမှာရှိတဲ့ လူကြီးတစ်ယောက်ကိုလည်း ခေါ်သွားတယ်။ ခေါ်သွားတာက သိပ်တော့မဝေးဘူး ရွာနားမှာပဲဟုတ်တယ်” ဟုပြောသည်။

နမ်ဆန်ယန်ကျေးရွာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာသည် စစ်ကောင်စီစစ်ကြောင်းကို KIA တပ်ရင်း ၂၄ က ကြားဖြတ်တိုက်ခိုက်ရာမှ ယနေ့နံနက် ၇ နာရီခွဲအထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တပ်သားအရှင်ဖမ်းမိတယ်လို့လည်းပြောတယ် လက်နက်တွေလည်းအများကြီးရတယ်တဲ့။ ကျွန်တော်တို့ဘက်လည်း နည်းနည်းထိခိုက်ဒဏ်ရာရတာတွေပါတယ်တဲ့” ဟုပြောသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းရှိ နမ်ဆန်ယန်ကျေးရွာတွင် ဇူလိုင်လ ၃ ရက်နေ့က KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတဝိုက်တွင် စစ်ရေးပိုမိုတင်းမာလာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း အင်အားဖြည့်တင်းမှုများ ဆက်လက်ပြုလုပ်နေသည်။

ဇူလိုင်လ ၄ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလျက်ရှိသောကြောင့် ဒေသခံပြည်သူများ သွားလာရေးနှင့် လုံခြုံရေးအတွက် အထူးဂရုပြုရန် လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးက သတိပေးထုတ်ပြန်ခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – AFP

သင့်ထင်မြင်ချက်ရေးပေးပါ