ပူတာအိုခရိုင်အတွင်းရှိ ကျေးရွာချင်းဆက်သွယ်ထားသောတံတားများ ကျိုးကျပျက်စီးခဲ့သော်လည်း ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးသောကြောင့် ဒေသခံပြည်သူများ သွားရေးလာရေးခက်ခဲနေကြောင်း သိရသည်။

ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်သက်တမ်းရှိသည့် ပူတာအိုမြို့နယ် မန်စေကျေးရွာအုပ်စုနှင့် မာမူးလဲ့ကျေးရွာအုပ်စုကြား ဆက်သွယ်ထားသော တံတားမှာ လွန်ခဲ့သော လေးလခန့်က ပျက်စီးသွားသဖြင့် သွားလာရေးခက်ခဲနေခြင်းဖြစ်သည်ဟု မန်စေကျေးရွာမှ အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“အဓိကတော့ ကျောင်းသားကျောင်းသူတွေပေါ့ တံတားမရှိလို့ ရေကြီးတဲ့အချိန်ဆို ကျောင်းတောင်မသွားကြဘူး။ အရင်ကလည်း ရေမျောပြီးလူသေဖူးတော့ ကလေးတွေကို စိုးရိမ်ရတယ်။ တစ်ခါတလေ ရွာကလူတွေ ကျန်းမာရေးအရေးပေါ်ဖြစ်တဲ့အချိန်တွေဆို ဘယ်လိုမှလုပ်လို့မရဘူး လမ်းကလည်းအဲ့တစ်လမ်းပဲရှိတော့ အရမ်းဒုက္ခရောက်တယ်” ဟုပြောသည်။

 

 

ပေ ၂၀၀ ခန့်ရှည်လျားသော အဆိုပါတံတားကို ဒေသခံပြည်သူများက ယခင်က နှစ် နှစ်လျှင်တစ်ကြိမ်၊ သုံး နှစ်လျှင်တစ်ကြိမ် ပြုပြင်ခဲ့ကြပြီး လက်ရှိအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများကို တံတားပြုပြင်ပေးရန် စာတင်ထားသော်လည်း လာရောက်ပြုပြင်ပေးခြင်းမရှိကြောင်း သူကပြောသည်။

“အုပ်ချုပ်ရေးရုံးတွေမှာ စာတင်တာလည်း နှစ်တိုင်းလိုလိုပဲ တံတားကိုတော့ လာကြည့်ပြီးတော့ ဘတ်ဂျက်မလောက်လို့ ဘတ်ဂျက်မရှိတော့လို့ဆိုတဲ့ အကြောင်းပြချက်တွေပေးပြီး ဒေသခံတွေရဲ့ လိုအပ်ချက်တွေနဲ့ အခက်အခဲတွေကို မသိချင်ယောင်ဆောင်နေကြတာ။ တံတာလည်း ရေစီးနဲ့ပါသွားတာ ခဏခဏကြုံတာ” ဟုပြောသည်။

မာမိန်ရှီးဒီကျေးရွာအတွင်းရှိ ပေ ၁၀၀ ခန့်ရှည်လျားသောတံတားလည်း ပျက်စီးနေသည်မှာ လေးလခန့်ရှိပြီဖြစ်ပြီး ရေကြီးချိန်မတိုင်မီ အချိန်မီပြုပြင်ရန်စီစဉ်ဆောင်ရွက်နေကြောင်း ဒေသခံရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ရွာအလယ်မှာဖြတ်ထားလို့ နှစ်ရွာလိုပုံစံဖြစ်နေတာ ရေအရမ်းကြီးရင်တော့ ချောင်းဒီဘက်ကမ်းမှာရှိတဲ့ ကလေးတွေက ကျောင်းသွားလို့မရဘူး။ တံတားပြင်ဖို့တော့ သက်ဆိုင်ရာတွေကို ဘာမှမပြောထားဘူး ကျေးရွာချင်းချိတ်ဆက်တံတားတွေတောင် မပြင်ပေးတာ ရွာအတွင်းကတံတားတော့ ပြင်ပေးမှာမဟုတ်ဘူး” ဟုပြောသည်။

နောင်မွန်းမြို့နယ်မြို့နှင့် မခွမ်ကန်ကျေးရွာအုပ်စုကို ချိတ်ဆက်ထားသော ခေါ်ရိုးတံတား (မေခမြစ်ကူးတံတား) မှာ ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အဓိကထား အသုံးပြုသောတံတားဖြစ်သောကြောင့် ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ရန်လိုအပ်နေကြောင်း နောင်မွန်မြို့နယ်ရှိ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပျဉ်ခင်းဆိုတော့ အလွန်ဆုံး နှစ်နှစ်၊ သုံးနှစ်လောက်ခံတယ်။ စားဝတ်နေရေးအတွက် အဓိကအသုံးပြုတဲ့ တံတားဖြစ်နေလို့ အခုလို့ပျက်စီးနေလည်း သွားရတာ အမြန်မပြင်နိုင်ရင်တော့ လူတွေကျွံကျသွားနိုင်တယ်။ အဲ့တံတားပေါ်ကကျသွားတဲ့သူတွေကတော့ ဘယ်လိုမှအသက်မရှင်နိုင်ပါဘူး။ မေခမြစ်ဆိုတော့ ရေအရမ်းကြမ်းတယ်” ဟုပြောသည်။

ပေပေါင်း ၄၅၀ ခန့်ရှည်လျားသော ခေါ်ရိုးတံတားကို မခွမ်ကန်ကျေးရွာအုပ်စုအပါအဝင် ဒဘူဒမ်းကျေးရွာ၊ မလောင်ကျေးရွာ၊ ခေါင်လန်ကျေးရွာနှင့် ဒဇန်ကျေးရွာမှ ဒေသခံပြည်သူများက အသုံးပြုနေခြင်းဖြစ်သည်။

MIMU ၏ ဒေသဆိုင်ရာအချက်အလက်များအရ ၂၀၀၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပူတာအိုခရိုင်အတွင်း တံတားပေါင်း ၁၃၉၄ စင်းရှိခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်သည် ဒေသခံပြည်သူများက ရေခဲတောင်တက်ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းကြသော်လည်း လမ်းပြိုကျခြင်း၊ တောင်ပြိုကျခြင်းနှင့် တံတားကျိုးကျ ပျက်စီးခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသော ဒေသဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လကလည်း နှစ်ပါတ်ဆက်တိုက်မိုးရွာသွန်းမှုကြောင့် ပူတာအို – ခေါင်လန်ဖူးလမ်းနှင့် ပူတာအို – နောင်မွန်လမ်းတို့တွင် လမ်းပြိုကျကာ လမ်းပိတ်ခဲ့သောကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည်။

သတင်း – Dureng

ဓာတ်ပုံ – Credit to rightful owner (မမူးလဲ့ကျေးရွာအုပ်စုနဲ့ မန်စေကျေးရွာချိတ်ဆက်တံတား၊ နောင်မွန်မြို့နဲ့ မခွမ်ကန်ကျေးရွာချိတ်ဆက်တံတား)

သင့်ထင်မြင်ချက်ရေးပေးပါ