ဖားကန့်မြို့နယ်မှ KTV ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၂ နာရီခန့်က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

မှော်စီစာကျေးရွာရှိ SKY KTV ပိုင်ရှင် ဦးအိုက်ရီဆိုသူ  မြစ်ကြီးနားလေဆိပ်တွင် ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“စဥ်းတော့စဥ်းစားစရာပဲ ဖမ်းခံလိုက်ရတယ်ဆိုတော့လေ။ သူကစစ်တပ်လည်းပိုင် KIA လည်းပိုင်တဲ့သူဗျ။ တချို့ကုမ္ပဏီတွေ နိုင်ငံရေးမကောင်းလို့ နားခဲ့ရင်တောင် သူရှယ်ယာပါတဲ့ကုမ္ပဏီကတော့ အေးဆေးဆက်လုပ်နေဆဲပဲ အကြောင်းရှိလို့ဖမ်းတာဖြစ်မှာပေါ့လေ။ နောက်တော့ပေါ်လာမှာပါ” ဟုပြောသည်။

စစ်ကောင်စီက မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဦးအိုက်ရီဖမ်းဆီးခံရပြီးနောက် မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအချို့က စက်ယန္တရားများနှင့် ကားများကို အခြားနေရာများသို့ ပြောင်း‌ေရွ့နေကြကြောင်း အသက် ၅၃ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“တစ်နေကုန် ကုမ္ပဏီကစက်ကြီးတွေနဲ့ကားတွေကို ရွှေ့နေကြတာရှုပ်နေတာပဲ။ သူများပြောတာတော့စစ်ကြောင်းထိုးလာလို့တဲ့။ ကျော်နိုင်နှင့်ညီများကုမ္ပဏီကိုတော့စစ်တပ်က ဒီမနက်ကစပြီး လုပ်ငန်းတွေမလုပ်ဖို့သတိပေးထားတယ်လို့ပြောတယ်။ ဘာတွေဖြစ်ပြန်ဦးမလဲ မသိတော့ဘူး” ဟုပြောသည်။

အဆိုပါ Sky KTV တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်မျာ သောက်စားပျော်ပါးနေချိန် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသောကြောင့် အရာတစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း ဖားကန့်မြို့ ဆိုင်း‌တောင်ကျေးရွာမှ ရှင်းရင်ဟိုတယ်နှင့် KTV ပိုင်ရှင် အသက် ၅၅ နှစ်ခန့်အရွယ်ရှိ မဖြူဆိုသူကို အမည်မသိလူတစ်စုက လာရောက်ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ