လမ်းဆောက်လုပ်ရာတွင် အသုံးပြုထားသော သံထည်ပစ္စည်း တူးဖော်ခိုးယူမှု များပြားလာသောကြောင့် လီဒိုလမ်းမ တနိုင်း – ရှင်ဗွေယန်လမ်းတစ်လျှောက်ရှိ လမ်းပိုင်းအချို့နေရာများတွင် မိုးရွာသွန်းချိန် မြေပြိုမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

မြေကြီးအတွင်းမြုပ်ထားသော သံပိုက်၊ သံပြားများကို တူးဖော်ခိုးယူကြသောကြောင့် ပြီးခဲ့သည့် သီတင်းပါတ်အတွင်း လမ်းပျက်စီးပြိုကျမှု ပိုမိုများပြားခြင်းဖြစ်သည်ဟု အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ခလုံးကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အရင်ဒုတိယကမ္ဘာစစ် လမ်းလုပ်တုန်းကသုံးတဲ့ ဟန်းဂေါပိုက်၊ အပြားကြီး၊ အချပ်ကြီးတွေနဲ့လုပ်ပြီး အပေါ်မှာ ဖို့ထားတာ။ အပေါ်ကကွန်ကရစ်ခင်းထားတော့ နည်းနည်းခံတာလေ။ အထဲမှာ အခေါင်းလေးတွေ ဖြစ်သွားတာ။ တချို့အချပ်တွေက ခိုးတော့ ခံနိုင်ရည်မရှိတော့ဘူးလေနော်၊ ပြိုကျသွားတာ” ဟုပြောသည်။

ယခင်က လမ်းပျက်ခြင်းမရှိသော ခလုံး၊ တခက်၊ လဂျားဘွမ်၊ တရုံကျေးရွာနှင့် ရှင်ဗွေယန်မြို့ လမ်းတစ်လျောက်တွင် ယခုတစ်ပါတ်အတွင်း နေရာငါးခုထက်မနည်း လမ်းပြိုကျပျက်စီးခဲ့ကြောင်း အဆိုပါလမ်းတွင် ဆယ်နှစ်ကျော်ကြာ ခရီသည်တင်ယာဉ်ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။

“အရင်တုန်းကတော့ ဒီလိုလမ်းပျက်တာမရှိဘူး အခုလမ်းပျက်နေတာကလည်း တော်တော်များတယ်။ လမ်းပျက်တဲ့နေရာတွေမှာတော့ အကုန်လုံး လမ်းအထဲက သံတွေရောင်းစားလိုက်ကြလို့ ရေစီးတဲ့အခါကျတော့ ထိန်းတဲ့ဟာမရှိလို့ပြိုကျတာ” ဟုပြောသည်။

လက်ရှိအချိန် လမ်းကို ယာယီအသုံးပြုနိုင်ရန် ခလုံးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် ရှင်ဗွေယန်မြို့နယ်(ခွဲ) လမ်းဦးစီးဌာနက ဝါးဖြင့် တံတားဆောက်လုပ်ထားပြီး ဆိုင်ကယ်နှင့် အိမ်စီးကားအသေးများ ဖြတ်သန်းသွားလာနိုင်သော်လည်း ကားအကြီးများ ဖြတ်သန်းရန် ခိုင်ခံ့မှုမရှိကြောင်း သိရသည်။

သံထည်ပစ္စည်းများ တူးဖော်ခိုးယူရောင်းချမှု များပြားလာသောကြောင့် ရှင်ဗွေယန်မြို့အတွင်းရှိ သံတိုသံစ ရောင်းဝယ်သူများကိုလည်း အရောင်းအဝယ် မပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း သူကဆက်ပြောသည်။

“အရင်ကတည်းက ဖမ်းရင်တော့ တားတာတို့၊ သိမ်းတာတို့လုပ်ရင် လမ်းတွေက မပျက်ဘူးပေါ့။ မိုးတွင်းရောက်တော့ လမ်းပျက်ရော၊ မိုးကျမှ လိုက်တားတယ်။ ဘာညာလုပ်တော့ အဆင်မပြေတော့ဘူး ပြီးသွားပြီ၊ ကုန်သွားပြီ” ဟုပြောသည်။

လီဒိုလမ်းမကြီးကို ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် ဒီဇင်ဘာလက အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ စစ်ပစ္စည်းကိရိယာများ သယ်ယူပို့ဆောင်နိုင်ရန် ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ရှင်ဗွေယန်မြို့နယ်(ခွဲ) သို့ စစ်ကောင်စီတပ်က ဆန်ကို အကန့်အသတ်ဖြင့်သာတင်ပို့စေပြီး လမ်းခရီးအခက်အခဲများကြောင့် ဒေသခံပြည်သူများက ဆန်မလုံလောက်မှုနှင့် ကုန်ဈေးနှုန်မြင့်တက်ခြင်းများ ကြုံနေရကြောင်း သိရသည်။

ရှင်ဗွေယန်မြို့သည် တနိုင်းမြို့နယ်အတွင်းရှိ မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု နှစ်ထောင်ကျော်ရှိပြီး လူဦးရေတစ်သောင်းကျော် နေထိုင်သည်။

သတင်း – Pan Soon

ဓာတ်ပုံ – credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ