မြစ်ကြီးနားလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဖားကန့်မြို့ Sky KTV ပိုင်ရှင် ဦးအိုင်ရီ၏ နေအိမ်ကို ယမန်နေ့ည ၇ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

 

မှော်စီစာကျေးရွာရှိ နေအိမ်ကို အင်အား ၅၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကား ခုနှစ်စီးခန့်ဖြင့်ရောက်ရှိလာခြင်းဖြစ်ပြီး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

 

“ယူနီဖောင်းအပြည့်အစုံနဲ့ ရောက်ချလာတာ၊ ဝင်မွှေတယ်ဆိုတဲ့နေရာက ကျောက်တွေဆေးတဲ့နေရာပြောရရင် ရုံးသဘောမျိုးပေါ့ JK ဆိုဒ်လို့လည်းခေါ်တယ်။ အဲ့အထဲမှာတော့ ဝန်ထမ်းနည်းနည်းပဲရှိတယ်” ဟုပြောသည်။

 

မည်သည့်အကြောင်းကြောင့် ဝင်ရောက်စီးနင်းသည်ကို မသိရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ရှာဖွေမှုများပြုလုပ်နေကြောင်း ဒေသခံအခြားတစ်ဦးကပြောသည်။

 

“သူတို့က ဘာကိုရှာချင်တာလည်းမှ မသိတာ။ သူတို့လိုချင်တာမရရင်တော့ ဖမ်းမှာပဲလေ။ အခုဆိုလမ်းပေါ်မှာ ကားတွေဆိုင်ကယ်တွေအပြည့် အကုန်မောင်းပြေးကုန်ကြပြီ။ နိုင်ငံရေးမကောင်းဘူးဆိုလို့” ဟုပြောသည်။

 

ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့ညကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်နေပြီး နေရာကွက်ကြား စစ်ဆေးမှုများလည်းပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 

ဖားကန့်မြို့ မှော်စီစာကျေးရွာရှိ SKY KTV ပိုင်ရှင် ဦးအိုက်ရီသည် ဇူလိုင်လ ၁၄ ရက်နေ့က မြစ်ကြီးနားလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မည့်သည့်အကြောင်းကြောင့် ဖမ်းဆီးခံခဲ့ရသည်ကို မသိရပါ။

 

သတင်း – SK

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ