ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ အပြန်လှန်ပစ်ခတ်သည့် လက်နက်ကြီး ယမန်နေ့က မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

နှစ်ရက်ဆက်တိုက် ဒေါ့ဖုန်းယန်မြို့ နောင်ဝမ်းကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ့ဖုန်းယန်မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီးကျည်တချို့ ကျေးရွာထဲကိုကျရောက်ပေါက်ကွဲတယ်။ အိမ်ရှေ့မှာလာကျတာတော့ရှိတယ်။ ဒေသခံတွေထွက်ပြေးတဲ့အချိန်ဖြစ်လို့ လွတ်သွားတာ။ (ယမန်နေ့က) ပစ်လိုက်တာလဲ ကျေးရွာအဝင်မှာလာကျတယ်” ဟုပြောသည်။

ဒေါ့ဖုန်းယန်မြို့အနီးတဝိုက်တွင် ဇူလိုင်လ ၆ ရက်နေ့မှစတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသောကြောင့် လက်ယာလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲနေပြီး ယခုရက်ပိုင်းတွင် အကြိမ်ရေစိတ်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်း နောင်ဝမ်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စိတ်လာတာက သုံးရက်လောက်ပဲရှိသေးတယ်။ ဒေသခံတွေထိခိုက်တာတော့ မရှိသေးဘူး။ စစ်ရှောင်တာက တစ်ရွာလုံးဟုတ်တယ်။ အခုရှောင်နေသူတွေက လယ်လုပ်တော့ အခုစပါးစိုက်ချိန်ဆိုတော့ ဒုက္ခရောက်နေကြတယ်” ဟုပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသူများမှာ ဒေါ့ဖုန်းယန်မြို့နှစ်ခြင်းဘုရားကျောင်းသို့ လာရောက်ခိုလှုံနေကြပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အများဆုံးဖြစ်ကြောင်း နောင်ဝမ်းဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးကျလာလို့ စရှောင်လာတာ အသက်ကြီးတဲ့သူနဲ့ ကလေးတွေကို အရင်စရွှေ့ထားပြီ။ (လက်နက်ကြီး) အိမ်တစ်အိမ်နားမှာ လာကျတာ မအောင်သွားဘူး။ တိုက်ပွဲဖြစ်တာမဟုတ်ရင်လည်း စစ်ကောင်စီစခန်းနဲ့ တော်တော်နီးတော့ မရွှေ့ရင်မဖြစ်တော့တဲ့ အခြေအနေ စခန်းက ရွာနဲ့ခြံပဲခြားတာ” ဟုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲသော နေရာကိုလည်း သွားရောက်ကြည့်ရှုနိုင်ခြင်းမရှိကြောင်း သူကဆက်ပြောသည်။

နောင်ဝမ်းကျေးရွာတွင် အိမ်ထောင်စု ၁၉ စု လူဦးရေ ၁၀၀ ကျော်နေထိုင်ပြီး ၈၀ ကျော်မှာ လက်ရှိ ဒေါ့ဖုန်းယန်ဘုရာကျောင်းတွင် ခိုလှုံနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ကလည်း မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ မြစ်ကြီးနား-ဗန်မော်လမ်း ဒိန်ဂါးကျေးရွာအုပ်စု ခါ့လားယန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်များသိမ်းဆည်းရမိကြောင်း သိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းရှိ နမ်ဆန်ယန်ကျေးရွာတွင် ဇူလိုင်လ ၃ ရက်နေ့က KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတဝိုက်တွင် စစ်ရေးပိုမိုတင်းမာလာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း အင်အားဖြည့်တင်းမှုများ ဆက်လက်ပြုလုပ်နေသည်။

ဇူလိုင်လ ၄ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလျက်ရှိသောကြောင့် ဒေသခံပြည်သူများ သွားလာရေးနှင့် လုံခြုံရေးအတွက် အထူးဂရုပြုရန် လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးက သတိပေးထုတ်ပြန်ခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ဒေါ့ဖုန်းယန်မြို့ နောင်ဝမ်းကျေးရွာအဝင်တွင် ဇူလိုင် ၁၅ ရက်နေ့က ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးစကိုမြင်ရပုံ

သင့်ထင်မြင်ချက်ရေးပေးပါ