မြစ်ကြီးနားမြို့နယ် ညောင်ပင်သာကျေးရွာအနီးရှိ ဧရာဝတီမြစ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း (၁၁) ထိန်းချုပ်နယ်မြေအတွင်းရှိ မိုးကောင်းချောင်းနှင့် ဧရာဝတီမြစ်တို့ဆုံဆည်းရာအနီးတွင် ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သင်္ဂြိုဟ်လိုက်ပြီဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးကောင်းချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့ နေရာအထက်နားလေးမှာ အလောင်းကို ပြန်တွေ့တာ၊ ငါးဖမ်းသွားတဲ့သူတွေက တွေ့လို့ အကြောင်းကြားပြီး KIA တပ်ဖွဲ့ဝင်တွေက ဆယ်ယူပြီး ကောင်းကောင်း မြုပ်နှံလိုက်ပြီတဲ့” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၃၅ နှစ်ခန့်အရွယ်ရှိ မရစ်ဖန်းအောင်ဆိုသူဖြစ်ပြီး KIA နှင့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားချိန် ကျဆုံးခဲ့သူဖြစ်ကြောင်း နီးစပ်သူ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ဝါရာဇွပ်မှာ တိုက်ပွဲဖြစ်ရင်းနဲ့ကျသွားတဲ့သုံးယောက်ထဲက တစ်ယောက်ကိုပဲပြန်တွေ့သေးတယ်။ တခြားတော့မတွေ့သေးဘူး။ အစက မျက်နှာကြည့်ပြီး ဘယ်သူမှန်းတောင် မသိဘူး။ နောက်ကျမှ အဝတ်အစားပြန်ကြည့်ပြီး ခွဲခြားတတ်တာ” ဟုပြောသည်။

The 74 Media က ရရှိထားသော ဓာတ်ပုံအရ အဆိုပါရုပ်အလောင်းမှာ ဦးခေါင်းကို ပလပ်စတစ်အိတ်ဖြင့် စွတ်ထားပြီး ဘယ်ဘက်လက်ကို အပြာရောင်ကြိုးတစ်ချောင်းဖြင့် ချည်ထားကို တွေ့ရသည်။

တိုက်ပွဲဖြစ်ပွားချိန် ကျဆုံးခဲ့သည့် KIA တပ်ဖွဲ့ဝင်သုံးဦး၏ ရုပ်အလောင်းများကို ပြန်လည်ရရှိခြင်းမရှိသေးဘဲ မိုးကောင်းချောင်းအတွင်းသို့ ပစ်ချလိုက်ကြောင်း သိရသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“ဘယ်လိုဖြစ်သွားပြီလဲတောင်မသိဘူး။ သေသွားပြီလို့ပဲကြားရတယ်။ တကယ်လို့ သေသွားရင်လည်း ရုပ်အလောင်းလိုချင်တယ်လို့ပြောတာ ဘယ်လိုလုပ်လိုက်ကြလဲ မသိပါဘူး။ သတ်လိုက်ပြီးချောင်းထဲ ပစ်ထည့်လိုက်ပြီလို့ပဲ သိရတာ။ ချောင်းထဲမှာ ပြန်တွေ့တာလည်း မပါသေးဘူး။ မျောလိုက်တယ်ဆိုတော့ ပြန်တွေ့မှာပါ” ဟုပြောသည်။

ပြည်သူ့စစ်တပ်ဖွဲ့က ရရှိထားသော တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် KIA တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ကောင်းစွာမြေမြုပ်သင်္ဂြိုဟ်ထားသည်ဟု စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်က ပြောသည်။

“တကယ်တော့ KIA တပ်ဖွဲ့ဝင်တွေ ဝင်တိုက်တဲ့အခါ ကျဆုံးဒဏ်ရာရတာက များသွားတယ်။ သူတို့အနေနဲ့ ရုပ်အလောင်းတွေကို ပြန်သယ်တာရှိတယ်။ တချို့တွေကို စက်လှေနဲ့ သယ်တာရှိတယ်။ တချို့ မသယ်နိုင်တဲ့ ရုပ်အလောင်းတွေကို ချောင်းတွေထဲမှာ ချသွားတယ်လို့ယူဆတယ်။ ကျွန်တော်တို့ ရရှိထားတဲ့ ရုပ်အလောင်းတွေကိုတော့ ကောင်းမွန်စွာ မြုပ်နှံထားတာတွေရှိတယ်” ဟုပြောသည်။

KIA တပ်ဖွဲ့က ဝါရာဇွပ်ပြည်သူ့စစ်စခန်းများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ချိန်ကလည်း ယခင်က ဖမ်းဆီးထားသည့် KIA တပ်ဖွဲ့ဝင် ၆ ဦးမှ သုံးဦးကျဆုံးသွားခဲ့ကြောင်း သူကဆက်ပြောသည်။

“ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အခါမှာ ရုံးတွေ၊ ဖမ်းဆီးထားတဲ့သူကို ချုပ်နှောင်ထားတဲ့ အခန်းတွေကို လာပြီး ဗုံးကြဲသွားတာရှိတယ်။ အဲ့ဒီမှာ ဒရုန်းဗုံးထိပြီး ကျသွားတာ ထိန်းသိမ်းထားတဲ့ထဲက ခြောက်ယောက်မှာ သုံးယောက်ကျသွားတာ။ ဘာမှ သတ်တာ၊ ဖြတ်တာမရှိပါဘူး” ဟုပြောသည်။

လက်ရှိ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ထိခိုက်ဒဏ်ရာ ရရှိထားသော KIA တပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် အခြားတပ်ဖွဲ့ဝင် သုံးဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့၏ တပ်စခန်းများကို KIA တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းရာမှ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိအခိုက်ကျဆုံးမှုများရှိခဲ့သည်။

ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့၏ တယ်လီဂရမ်ချန်နယ်တွင်လည်း အဆိုပါတိုက်ပွဲတွင် ကျဆုံးခဲ့သည့် KIA တပ်ဖွဲ့ဝင် သုံးဦး၏ ရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသည့်လက်နက်များပုံကို မျှဝေထားပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်း ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားချိန် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြောင့် ရှဒူးဇွပ်ကျေးရွာရှိ အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် အလုံး ၂၀ ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ