ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ လောင်ကစားရုံတွင် ယနေ့ နံနက် ၃ နာရီခန့်က လူသတ်ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရပ်ကွက် (၆) ရှိ တရားမဝင်လောင်းစကားရုံ သို့မဟုတ် ဒေသအခေါ် ငါးပစ်ဂိမ်းဆိုင်သို့ လက်နက်များကိုင်ဆောင်ထားသည့် လူငယ်ခြောက်ဦးရောက်ရှိလာပြီး လာရောက်ဂိမ်းကစားနေသူတစ်ဦးကို သတ်ဖြတ်သွားသည်ဟု မှော်ဝမ်းရပ်ကွက် ကားကြီးကွင်းအနီးနေထိုင်သူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရေမဆေးသမားလိုလိုပုံစံမျိုးနဲ့ ဝင်လာတာ။ ဆိုင်ကယ်နဲ့ပဲလာခဲ့ကြတာ တော်တော်ရဲတယ်ဗျ။ သေနတ်နဲ့ထောက်ပြီး ပိုက်ဆံရှိတဲ့နေရာတွေ အကုန်လိုက်ပြခိုင်းတယ်။ ဘာမှမဆီမဆိုင် ဂိမ်းဆော့နေတဲ့တစ်ယောက်က သူတို့ကို တားသလိုဖြစ်သွားတယ်နေမှာ သတ်သွားတယ်” ဟုပြောသည်။

အဆိုပါလောင်းကစားရုံတွင် ယမန်နေ့ညက အော်ဟစ်သံများကြားခဲ့ရခြင်းဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

“လူငယ်ပိုင်းတွေလို့ပြောတယ် ကျွန်တော်တို့ ထွက်ကြည့်တော့ ပြေးသွားကြပြီ။ အော်တဲ့အသံတွေတော့ ကြားတယ်။ အခါတိုင်းလို ဂိမ်းဆိုင်ထဲ တစ်ယောက်နဲ့ တစ်ယောက်စကားများတယ်ပဲထင်တာ။ သေချာသွားကြည့်မှ လူပါအသတ်ခံထားရတယ်” ဟုပြောသည်။

အသတ်ခံခဲ့ရသူမှာ အသက် ၄၃ နှစ်ခန့်အရွယ်ရှိ ကိုဇော်သိန်းဦးဆိုသူဖြစ်ပြီး ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ၊ လည်ပင်းတွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက‌ပြောသည်။

“ကြည့်ရတာ ညသန်းခေါင်ယံ လူတွေအိပ်မောကြနေတဲ့အချိန်ဖြစ်တာ အဲ့ဒီဓားပြတိုက်တဲ့ကောင်တွေကလည်း ဆိုင်လာနေကြလူတွေပဲလို့ပြောတယ်။ ဓားထိုးခံရတဲ့လူကတော့ အဲ့နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်။ မီးသင်္ဂြိုဟ်ဖို့တော့စီစဉ်နေကြပြီ” ဟုပြောသည်။

ကျူးလွန်ခဲ့သူများမှာ ငွေကျပ်သိန်း ၂၀၀ ခန့်အပြင် ဖုန်းသုံးလုံးနှင့် CCTV စက်တစ်လုံးတို့ကို ယူဆောင်သွားကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယခုနှစ်အတွင်း ခိုးဆိုးလုယက်မှုများနှင့် သတ်ဖြတ်မှုများ ပိုမိုအဖြစ်များလာပြီး ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း ဆိုင်းတောင်ကျေးရွာရှိ ရှင်းရင် ဟိုတယ်နှင့် KTV ပိုင်ရှင်အမျိုးသမီးကို အမည်မသိလူတစ်စုက လာရောက်ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည်။

သတင်း – SK

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ