ဒေသခံပြည်သူတို့၏ နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဝက်လက်မြို့နယ်မှဒေသခံပြည်များ ဆေးဝါးနှင့် မိုးကာ အကူအညီများလိုအပ်နေကြောင်း သိရသည်။

အင်အား ၇၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းက ဇူလိုင်လ ၁၃ ရက်နေ့တွင် သုံးဆင့်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံပြည်သူတစ်ထောင်ခန့် အကူအညီများ လိုအပ်နေခြင်းဖြစ်သည်ဟု ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုငြိမ်းချမ်းနိုင်က The 74 Media ကိုပြောသည်။

“တောမှာဆိုတော့ ခြင်အရမ်းကိုက်တယ် တဲအိမ်တွေလည်း မိုးမလုံဘူး။ အအေးမိပြီဖျားတဲ့သူတွေရှိသလို ရာသီတုပ်ကွေးကြောင့် ဖျားနာနေတဲ့သူတွေလည်းရှိတယ်။ အဓိကလိုအပ်တဲ့ဆေးဝါးကတော့ အကိုက်အခဲ ပျောက်ဆေးနဲ့ ရာသီတုတ်ကွေးဆေးတွေပေါ့။ မနေ့ကအထိတောင်ဖျားတဲ့လူတစ်ရာလောက်ရှိတယ်” ဟုပြောသည်။

တိမ်းရှောင်နေသူများတွင် လသားအရွယ်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၈၀ ကျော်ခန့်အရွယ်ရှိ သက်ကြီးရွယ်အိုများပါဝင်နေသောကြောင့် အားဆေးနှင့် သွေးတိုးကျဆေးများလည်း လိုအပ်နေကြောင်း သူကပြောသည်။

“အခုချိန်ဖျားနေတဲ့သူတွေကလည်း အသက်ကြီးပိုင်းတွေ ပိုများတယ်။ သူတို့က မိုးမိလို့ဖျားသာမကဘူး သွေးတိုးသွေးကျရောဂါရှိတဲ့သူတွေလည်း အများကြီးပါတယ်။ တချို့လူကြီးတွေကတော့ နေအိမ်တွေမီးရှို့ခံရလို့ စိတ်ကျရောဂါခံစားနေရတဲ့ သူတွေလည်းရှိတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် စစ်ရှောင်ပြည်သူများမှာ နေရပ်ပြန်ရန်မဖြစ်နိုင်သောကြောင့် ဆေးဝါးများအပြင် စားဝတ်နေရေးအတွက်လည်း အကူအညီများလိုအပ်နေသည်ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဆင်ပြေတယ်ဆိုတာတော့မရှိဘူးလေ။ အခုချိန်ကပိုဆိုးတာပေါ့ မိုးကရွာတာနဲ့ တုပ်ကွေးဖြစ်နေတာနဲ့ အရမ်းခက်ခဲကြတယ်။ စကစတွေ ရွာကနေထွက်သွားပြီဆိုပေမဲ့ နေအိမ်တွေအားလုံးနီးပါးမီးရှို့ခံရလို့ စစ်ရှောင်တွေအိမ်ပြန်ဖို့တော့ အဆင်မပြေသေးဘူး။ အလုပ်လည်းလုပ်လို့မရလို့ အစားအသောက်တွေလည်း အကူညီတော့ လိုအပ်နေသေးတယ်” ဟုပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ကိုယ်ဝန်ဆောင်မိခင်များတွင် မီးဖွားချိန်နီးကပ်လာသူများ ပါဝင်နေသဖြင့် စစ်ရှောင်ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများစွာလိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာကို ပြီးခဲ့သည့်ဇူလိုင်လ ၁၃ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့ချိန် အသက် ၆၀ ကျော်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်းသိရသည်။

သုံးဆင့်ကန်ကျေးရွာပါဝင်သော ကူးကောင်းကျေးရွာအုပ်စုတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးထောင်ကျော်ခန့် နေထိုင်သည်။

သတင်း – Dureng

ပုံ – ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

သင့်ထင်မြင်ချက်ရေးပေးပါ