စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ ယမန်နေ့ညနေ ၄ နာရီခန့် ကွတ်ခိုင်မြို့နယ် ဟိုမုန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်

တိုက်ပွဲဖြစ်ပွားရာနေရာနှင့်ဝေးသော ဒီးဒဘန်ကျေးရွာတွင်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် လူငယ်ယောက်ျားလေးတစ်ဦး ယမန်နေ့ည ၉ နာရီခန့်က သေဆုံးခဲ့ပြီး ကျန်ထိခိုက်ဒဏ်ရာရရှိသူများမှာ အခြေအနေမစိုးရိမ်ရကြောင်း အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ကွတ်ခိုင်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီးပစ်တာနဲ့ ဘယ်လောက်မှ မဝေးတဲ့ရွာမှာပဲ ပြန်ကျတာ တိုက်ပွဲမဖြစ်တဲ့နေရာမှာ။ ဘယ်ဖက်နှလုံးနဲ့နီးတဲ့ နံရိုးမှာ လက်နက်ကြီးအစဝင်သွားတာ ဆေးရုံရောက်တော့ မရတော့ဘူး” ဟု‌ပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၁၇ နှစ်ခန့်အရွယ်ရှိ မောင်ဘရန်စစ်ဆိုသူဖြစ်ပြီး အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ဒေါ်ဂါးဒူခေါန်နန် ရင်ဝထိခိုက်ဒဏ်ရာ၊ အသက် ၉ နှစ်ခန့်အရွယ်ရှိ မောင်ဘရန်ဆန်အောင် ဦးခေါင်း ထိခိုက်ဒဏ်ရာနှင့် အသက် ၂၁ နှစ်ခန့်အရွယ်ရှိ မေရီဆိုင်းနန် ပေါင်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တအောန်းအမျိုးသားသုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နမ့်ဖက်ကာကျေးရွာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ ၁၂၃) က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးမှာ တိုက်ပွဲဖြစ်ပွားရာ ကောင်ရာတွင်လည်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် နေအိမ်မီးလောင်မှုများရှိကြောင်း ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“ကောင်ရာမှာ တိုက်ပွဲဖြစ်တာ၊ နမ်ဖတ်ကာနဲ့က နှစ်မိုင်လောက်တော့ ဝေးတယ်။ လူနေအိမ် မီးလောင်သွားတယ် ပြည်သူထိတာ မရှိဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာအနီး ဖာခစ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ချိန် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ