ဖားကန့်မြို့ ဆိပ်မူကျေးရွာတွင် ယမန်နေ့ညနေ ၄ နာရီခန့်က အမည်မသိလူတစ်စုက သေနတ်ထောက်ကာ ဆိုင်ကယ်နှင့် ကျောက်များ လုယက်မှုသွားကြောင်း သိရသည်။

ယူမာကျေးရွာနှင့် ဆိပ်မူလမ်းမကြီးရှိ Sky Bar အနီးတွင် ဦးထုပ်ဆောင်းထားပြီး ဖုန်ကာများတပ်ထားသော လူငယ်ငါးဦးက ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာပြီး လုယူသွားခြင်းဖြစ်သည်ဟု လုယက်ခံခဲ့ရသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်းတောင်ကျောက်ဝိုင်းကနေ ကျောက်ပြပြီးပြန်ခဲ့တာ ကျွန်တော့်ဆိုင်ကယ်နားကပ်ပြီး မေးစရာရှိလို့၊ စစ်စရာရှိလို့ဆိုပြီးပြောတယ် အဲ့တာနဲ့ ဆိုက်ကယ်လည်းရပ်ပေးလိုက်ရော သေနတ်နဲ့ထောက်ပြီး လုသွားတာပဲ” ဟုပြောသည်။

ငွေကျပ်သုံးသိန်းတန်ကျောက်တစ်လုံး၊ Mi အမျိုးအစားဖုန်းတစ်လုံးနှင့် ၁၂၅ အမျိုးအစား ဆိုင်ကယ်တစ်စီးတို့ လုယူခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါနေရာအနီးတွင် မကြာခဏ ရိုက်နက်မှု၊ လုယက်မှုများ ဖြစ်ပွားလေ့ရှိသောကြောင့် လုံခြုံရေးများ ထားရှိစေလိုကြောင်း အသက် ၄၁ နှစ်ခန့်အရွယ်ရှိ ယူမာကျေးရွာဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“ချောင်းရိုက်ခံရတာတွေ လုယက်ခံရတာတွေက အဲ့နားမှာပဲဖြစ်နေတာ ဘာလို့လဲဆိုတော့ အဲဒီနေရာက လူငယ်တွေကော၊ လူကြီးတွေကော သောက်စားမူးရူးတဲ့နေရာ။ အစောင့်လေးတွေတော့ စောင့်စေလိုတယ်။ မဟုတ်ရင်ဒီထက်မက ပိုဆိုးလာနိုင်တယ်” ဟုပြောသည်။

ဖားကန့်မြို့ မှော်ဝမ်းကျေးရွာရှိ တရားမဝင်လောင်းကစားရုံ သို့မဟုတ် ဒေသအခေါ် ငါးပစ်ဂိမ်းဆိုင်တွင်လည်း ဇူလိုင်လ ၁၈ ရက်နေ့က အမည်မသိလူတစ်စုက ဓားပြဝင်တိုက်ခဲ့ရာ အသက် ၄၃ နှစ်ခန့်အရွယ်ရှိ ဦးဇော်သိန်းဦးဆိုသူကို သတ်ဖြတ်ခဲ့ပြီး ငွေကျပ် သိန်း ၂၀၀ ခန့်၊ ဖုန်း သုံးလုံးနှင့် CCTV စက်တို့ကို လုယူသွားခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ