အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော နေရာနှစ်ခုကို ယနေ့ နံနက် ၈ နာရီခန့်က ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဆားလင်းကြီး ရဲစခန်းနှင့် ရွှေမုဋ္ဌောဘုရားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၆၀ မမနှင့် ၈၀ မမ တို့ဖြင့် ၁၉ ချက်သွားရောက်ပစ်ခတ်ခဲ့သည်ဟု မျိုးဆက်သစ်လူငယ် local PDF မှတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ကောင် (စစ်ကောင်စီ) တွေက ဘုရားနားမှာ တပ်စွဲနေထိုင်ကြတာအရမ်းကြာပြီ။ ၁၉ ဇူလိုင် အထိမ်းအမှတ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရဲစခန်းကိုတစ်ဖွဲ့ ရွှေမုဋ္ဌောစခန်းကိုတစ်ဖွဲ့ခွဲပြီး လက်နက်ကြီးတွေပစ်ခက်နိုင်ခဲ့တယ်” ဟုပြောသည်။

တပ်စွဲထားသောနေရာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အထိအခိုက် အကျအဆုံးများရှိနိုင်ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ငယ်များပြန်လည်ပစ်ခတ်ခဲ့ကြောင်း သူကဆက်ပြောသည်။

“အတွေ့အကြုံအရ အဲ့ကောင်တွေက သူတို့ဘက်ထိတာမဟုတ်ရင် လက်နက်ကြီးပြန်ပစ်တာမျိုးမရှိဘူး။ ရွာတွေကို ရမ်သမ်းပြီး ပစ်တာတွေတော့ ရှိတာပေါ့။ လက်နက်ကြီးနဲ့ စက်သေနတ်တွေရော” ဟုပြောသည်။

အဆိုပါနေရာများကို မျိုးဆက်သစ်လူငယ် Local PDF နှင့် သမန်းကျားပြောက်ကျားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေမုဋ္ဌောဘုရားတွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက တပ်စွဲထားခြင်းဖြစ်ပြီး အင်အား ၁၀၀ ခန့်ရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ကလည်း ချင်းတွင်းမြစ်နောက်ဘက်ရှိ ဆားလင်းကြီးမြို့နယ် ဆားခါးကျေးရွာမှ စိတ်ကျန်းမာရေးချို့ယွင်းနေသူတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ပုံ – မျိုးဆက်သစ်လူငယ် local PDF

သင့်ထင်မြင်ချက်ရေးပေးပါ