လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ကက်သလစ်ရဟန်းတစ်ပါး၏ နောင်နန်းကျေးရွာအုပ်စုရှိ နေအိမ်ကို ယမန်နေ့နံနက် ၈ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဆယ်မိုင်ကျေးရွာ ရပ်ကွက် (၄) ရှိ နေအိမ်ကို အိမ်စီးကားများဖြင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု ရပ်ကွက်နေဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေက အရပ်ဝတ်နဲ့ပဲ ကားသုံးစီးထင်တယ် အိမ်စီးကားတွေနဲ့ပဲလာတယ်။ လက်နက်တွေ ကိုင်ထားတယ်။ နေအိမ်ကိုဝင်ပြီး စစ်ဆေးတာတွေလုပ်ပြီး ကိုးနာရီလောက်မှာပြန်သွားပြီ” ဟုပြောသည်။

ဖာသာမုန်မိုင်ကို ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ရှာဖွေမေးမြန်းနေသည်မှာ သုံးကြိမ်ခန့်ရှိပြီဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးကပြောသည်။

“သူတို့ဘာတွေပြောသွားတယ်ဆိုတာတော့ မသိဘူး။ ကျွန်တော်ထင်တာတော့ အမှုကို ရဲဘက် အပ်လိုက်တော့ ဖာသာရှိ၊ မရှိ လာကြည့်တာ တာဝန်အရလေ ငါတို့သူအိမ်မှာ ရှာပြီးပြီဆိုတဲ့ပုံစံပေါ့။ အရင်လကလာရှာတာတဲ့ ဖာသာကမရှိဘူးလေ။ ပြန်ထွက်လာကြတော့ မသိဘူး ဖုန်းဆက်လို့မရဘူးလို့ ပြောလိုက်တာတော့ကြားတယ်” ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန်ဘုရားကျောင်းတွင်လည်း ဖာသာမုန်မိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

စွပ်စွဲခံထားရသည့် ကက်သလစ်ဖာသာ (ရဟန်း) ဖြစ်သည့် ဖာသာမုန်မိုင်ကို မေလ ၆ ရက်နေ့က မြစ်ကြီးနားမြို့ရှိ အမှတ် (၂) နယ်မြေရဲစခန်းတွင် အမှု (ပ) နံပါတ် ၆၁/၂၀၂၃ ဖြင့် အမှုဖွင့်ထားပြီး “အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှု၊ ဓမ္မတာနှင့် ဆန့်ကျင်စွာ အဓ္ဓမပြုကျင့်မှု” တို့ဖြင့်တရားစွဲဆိုထားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဖာသာမုန်မိုင်ကို ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က မြစ်ကြီးနားသာသနာ၏ အကြီးအကဲများဖြစ်သော ကာဒီနယ်ချားလ်စ်မောင်ဘိုနှင့် ဘုန်းတော်ကြီး ဖါသာဒေါက်တာယုံဝါတို့မှ ကာနွန်ဥပဒေအရ ရဟန်းဘဝမှရပ်စဲခဲ့သည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ