စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယနေ့နံနက် ၈ နာရီအချိန်ခန့်က ခင်ဦးဒေသခံနှစ်ဦးသေဆုံးပြီး ပြည်သူအချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေဦး – ညောင်ပင်သာ – ရွှေဘိုကားလမ်းမကြီးဘေးရှိ မူးသာကျေးရွာတွင် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် ဒေသခံပြည်သူနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု Hkin U Local Guerrilla Force KUGF တာဝန်ရှိသူက The 74 Media ကိုပြောသည်။

“စစ်ကြောင်းကနေလည်း ထုတယ်။ ရေဦးမြို့နယ်မှာ အထိုင်ချထားတဲ့တပ်ကနေလည်းထုတာ။ အမျိုးသားကိုက ရွာလယ်မှာကျလို့ ထိသွားတာ။ အမျိူးသမီးကကျေးရွာအနောက်ဘက်ကျတဲ့အချိန်ထိသွားတာ။ အမျိုးသမီးက ဘယ်ဘက်တစ်ခြမ်း ခြေထောက်ကနေ ခေါင်းအထိ၊ အမျိုးသားက ခေါင်းမှာအပေါက်ဖြစ်သွားတာ ဦးနှောက်ကိုမြင်ရတယ်” ဟုပြောသည်။

သေဆုံးခဲ့သည့် အသက် ၂၇ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးမှာ ဦးခေါင်း၊ ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် လက်နက်ကြီးစထိမှန်ခဲ့ပြီး အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူနှစ်ဦး၏ နာရေးပြုလုပ်နေချိန်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဆက်လက်ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးရှိကြောင်း သူကဆက်ပြောသည်။

“ပထမအလုံးက ရွာကိုထုတယ်။ နောက်ထပ်တစ်လုံးက ရွာကိုကျော်သွားတယ်။ နောက်ထပ်အလုံးတွေက ရွာကိုကျတယ်။ အားလုံးရွာထဲကိုပဲ ကျတာ ကွဲတာက ခုနှစ်လုံး မကွဲတာက နှစ်လုံး။ သုံးယောက်က ဒဏ်ရာရ ရှပ်ထိပေါ့” ဟုပြောသည်။

မူးသာကျေးရွာသည် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သည့်နေရာနှင့် သုံးမိုင်ခန့်အကွာတွင် တည်ရှိပြီး လက်နက်ကြီး အများအပြားကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ခင်ဦးမြို့နယ် မူးသာကျေးရွာသည် ၂၀၁၄ သန်းခေါင်စီရင်းအရ အိမ်ထောင်စု ၆၂၉ စု လူဦးရေ ၂၇၀၀ ကျော်နေထိုင်သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ