နမ္မတီးမြို့ 2

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဂိတ်ထိုင်ကာ ငွေကြေးကောက်ခံလျက်ရှိသော ထမင်းဆိုင်မှ ပိုင်ရှင်တစ်ဦး ယနေ့ မွန်းလွှဲ ၂ နာရီခန့်က နမ္မတီးမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။

နမ္မတီးမြို့အဝင် ရှုခင်းသာကျောက်တောက်အတက်ရှိ ကျားပြောင်းစက်သုံးဆီဆိုင်ရှေ့ရှိ ထမင်းဆိုင်မှ ပိုင်ရှင်အမျိုးသားကို အမည်မသိလူတစ်စုက သေနတ်ဖြင့် လာရောက်ပစ်သတ်သွားခြင်းဖြစ်သည်ဟု နမ္မတီးမြို့နေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အပစ်ခံရတဲ့သူက ဒေသခံပဲ ဘာလို့လဲဆို အဲ့ဒီနေရာမှာက စရဖ(စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့)တို့၊ မော်တော်ပီကေတို့ ပိုက်ဆံတောင်းတဲ့နေရာဟုတ်တယ်၊ ရဲတွေလည်း အဲ့မှာထိုင်တယ်။ ပြောရမယ်ဆိုရင် ရဲတွေ၊ စရဖတွေနဲ့ ဆက်စပ်နေတဲ့ဆိုင်ပေါ့။ တစ်ခါတလေ သူကနွားတင်တဲ့ကားတွေဆီကနေ ကိုယ်စား ပိုက်ဆံတောင်းပေးတယ်” ဟုပြောသည်။

ထမင်းဆိုင်တွင် ထိုင်နေသည့် လူငယ်လေးဦးက သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း အသက် ၂၁ နှစ်ခန့်အရွယ်ရှိ မြို့ခံလူငယ်တစ်ဦးက ပြောသည်။

“ဆိုင်ထဲမှာလူငယ်လေးယောက် ဖျော်ရည်လာသောက်ပြီး နည်းနည်းကြာတဲ့အခါကျတော့ ဆိုင်ရှင်ကို ပစ်တယ်လို့ပြောတယ်။ ပစ်ပြီးတော့ ဆိုင်ကယ်နဲ့ပဲ မြို့ထဲကို မောင်းဝင်သွားတယ်လို့ပြောတယ်” ဟုပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဦးအောင်လင်းဦးဆိုသူဖြစ်ပြီး ဘက်ဖက်ပုခုံးနှင့် လည်ပင်းကြားတွင် ကျည်ဆံ တစ်ချက်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကလည်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ ဦးသန်းထွန်းဝင်းဆိုသူကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နမ္မတီးမြို့အဝင်တွင် ပစ်ခတ်ခံခဲ့ရပြီး ပုခုံးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ