မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်း ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာများမှ ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရွှေပဒေသာကျေးရွာမှ ချီတက်လာသည့် အင်အား ၁၀၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းက ယနေ့နံနက်တွင် မိုးစစ်ကျေးရွာရှိ ဒေသခံပြည်သူတို့၏ နေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက The 74 Media ကို ပြောသည်။

“မနေ့က ဆင်တပ်ရွာမှာ နေအိမ်ကတော့ တစ်လုံးပဲ သူတို့ အလောင်းဖျောက်တာ။ ဆင်တပ်ပြီးရင် ရေလဲ၊ မိုးစစ်ပေါ့။ ရေလဲကိုတော့ ဟိုဖက်ကျော်သွားပြီ၊ မိုးစစ်မှာ အခုရှို့နေတာ လေးအိမ်တောင် ကုန်သွားပြီ။ နောက်ထပ်နှစ်အိမ်လည်း ရှို့နေတယ်၊ အဲ့ဒါကိုတော့ ရွာသားတွေ ငြိမ်းနေတယ်” ဟုပြောသည်။

အဆိုပါစစ်ကြောင်းကို ယမန်နေ့က ဆင်တပ်ကျေးရွာအနီးတွင် မြို့လှကာကွယ်ရေးတပ်က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းဆွဲခံရချိန် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများကို ဒေသခံတစ်ဦး၏ နေအိမ်နှင့်အတူမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆင်တပ်ဒေသခံတစ်ဦးက ပြောသည်။

“သေသွားတဲ့စစ်သားတွေကို ကိုသောင်းကြိုင်ရဲ့ နွားစာထားတဲ့တဲပေါ်တင်ပြီး မီးရှို့ထားခဲ့တာ။ မီးအားကပြင်းတယ် နွားစာကောက်ရိုးတွေက အပြည့်။ နွားတဲတစ်လုံး လူနေအိမ်တစ်လုံး ပါသွားတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ရွှေကူဖက် ပြန်သယ်သွားတယ်” ဟုပြောသည်

စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရချိန် တပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိကြောင်း ဒေသခံများထံက သိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ရွှေကူမြို့၊ တောပုန်းကျေးရွာ လမ်းခုလတ်တစ်နေရာတွင် မြို့အတွင်းသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ခန့်ပါရှိသော စစ်ကြောင်းကို ရွှေကူမြို့ကာကွယ်တပ်က ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်ရှိ မိုးစစ်ကျေးရွာ၊ ဆင်တပ်ကျေးရွာနှင့် ရေလဲကျေးရွာတို့တွင် အိမ်ထောင်စု ၁၅၀၀ ကျော်ရှိပြီး လူဦး‌ရေ ရှစ်ထောင်ခန့်နေထိုင်သည်။

သတင်း – Pan Soon
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ