ယင်းမာပင်မြို့နယ်တွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်

အင်အား ၁၀၀ ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေတောင်ဦးကျေးရွာမှ စုန်းချောင်းကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်ခုကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်ဟု အသက် ၄၀ နှစ်ခန့်အရွယ်ရှိ စုန်းချောင်းဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဝင်လာတဲ့အချိန်က မှောင်နေသေးတော့ ခြေဦးတဲ့ဘက်ကို ပြေးရတာပေါ့။ လုံခြုံရေးယူခိုင်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို အရင်သတ်ပြီးမှ ရွာထဲကိုဝင်လာတာ။ ပကဖတွေ ပအဖတွေရဲ့အိမ်ကို ဝင်စီးပြီး မိသားစုဝင်တွေအားလုံးကို ဖမ်းတာ အခါတိုင်းလို စစ်ဆေးနှိပ်စက်ပြီး ပြန်လွတ်ပေးမယ်ထင်တာ လမ်းမှာသတ်ထားခဲ့တာ” ဟုပြောသည်။

သတ်ဖြတ်ခံရသူများတွင် မိသားစုတစ်ခုအတွင်းမှ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ဦးလေးဖြစ်သူနှစ်ဦးနှင့် အသက် ၁၇ နှစ်ခန့်အရွယ်ရှိ မောင်ဖြစ်သူတို့ သုံးဦးပါဝင်ကြောင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“အလောင်းကိုကြည့်တာ လူတွေကသတ်သွားတဲ့ပုံစံတောင်မပေါက်ဘူး။ ဘီလူးတစ်ကောင်က ကိုက်စားထားသလိုပဲ ဦးလေးတစ်ယောက်က ခြေထောက်တွေကျိုးနေတယ်၊ ခေါင်းမာလည်း ဦးနှောက်တွေ ထွက်နေလို့ ပလတ်စတစ်အိတ်ထုတ်ပြီး သင်္ဂြိုဟ်တဲ့နေရာကို ယူသွားရတယ်။ နောက်ထပ် ဦးလေးတစ်ယောက်ကတော့ မျက်လုံးတွေမရှိတော့ဘူး၊ ဗိုက်ထဲကအူတွေလည်းထွက်နေတယ်” ဟုပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံတို့၏ ရုပ်အလောင်း စုစုပေါင်း ၁၄ ခုကို မီးသင်္ဂြိုဟ်နေချိန်တွင် စုန်းချောင်းကျေးရွာအနီးရှိ ကွမ်းခြံတွင် ရုပ်အလောင်းသုံးခုထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံအမျိုးသားက ဆက်ပြောသည်။

“အခုစကားပြောနေတဲ့အချိန်ထိ သတ်ခံရတာ စုစုပေါင်း ၁၇ ယောက်အတည်ပြုနိုင်ခဲ့တယ်။ နောက်ထပ်လည်း ထပ်တွေ့မယ်လို့တော့ထင်တယ် မြေပြင်အခြေအနေကြောင့် နေရာအားလုံးကို မရှာနိုင်သေးဘူး” ဟုပြောသည်။

ဝင်ရောက်စီးနင်းခံရသော နေအိမ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ နေအိမ်များလည်း ပါဝင်နေသဖြင့် ဒလန်သတင်းပေးများကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံပြည်သူများက ခန့်မှန်းပြောဆိုနေကြသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် စုန်းချောင်း PDF အဖွဲ့စီးနင်းခံရပြီး PDF ခြောက်လောင်း၊ သေနတ် ၁၁ လက်နှင့် မိုင်းမျိုးစုံသိမ်းဆည်းရမိကြောင်းရေးသားထားပြီး သေဆုံးသူများ၏ ရုပ်အလောင်း ပုံများကိုလည်း မျှဝေထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ မြို့ကြီးကျေးရွာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာချိန် အသက် ၉၈ နှစ်ခန့်အရွယ်ရှိ ဒေါ်တင်ဥဆိုသူ မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။

စုန်းချောင်းကျေးရွာသည် ပြီးခဲ့သည့် ဧပြီလက ရာထူးမှ ရပ်ဆိုင်းခြင်းခံခဲ့ရသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦး၏ ဇာတိဖြစ်သည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ စုန်းချောင်းကျေးရွာကို တောင်ရွာ၊ မြောက်ရွာ၊ အနောက်ရွာ၊ အလယ်ရွာဟု လေးပိုင်းခွဲခြားထားပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ခုနှစ်ထောင်ကျော်ခန့် နေထိုင်သည်။

သတင်း – Dureng

ပုံ – Ko Thet(telegram)

သင့်ထင်မြင်ချက်ရေးပေးပါ