ဖားကန့်မြို့ နမ္မဖြစ်ကျေးရွာရှိ ပန်းတင်တံတားအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းတစ်ခု ယနေ့ နံနက် ၁ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်စခန်းအတွင်းအထိ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်အချို့သိမ်းဆီးရမိကာ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု (KPDF)တပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်တွေအကုန်နီးပါးရခဲ့တယ်လို့ပြောတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦးကျသွားခဲ့ရတယ်။ အဲ့ဒီအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်” ဟုပြောသည်။

လက်နက်ကြီးပစ်ခတ်သံ တစ်ချက်ကြားရပြီးနောက် အပြန်အလှန်ပစ်ခတ်သံများထွက်ပေါ်လာခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူများလည်းရှိကြောင်း အသက် ၃၂ နှစ်ခန့်အရွယ်ရှိ မှော်ဝမ်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

“စစချင်းကြားတာတော့ ၄၀ မမ ဗုံးသီးတွေနဲ့ အရင်ပစ်ထည့်တာ သူတို့စခန်းထဲကိုလေ။ တိုက်ပွဲက နာရီဝက်လောက်ကြာတယ်။ ဒီမနက်ကြားရတာတော့ သေတဲ့ထဲ အရာရှိဗိုလ်တောင်ပါတယ်တဲ့။ ဘယ်နှယောက်လဲ ဆိုတာတော့ သေချာမသိသေးဘူး” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ဖားကန့်မြို့ ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် ဒေသခံပြည်သူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသက် ၄၇ နှစ်ခန့်အရွယ်ရှိ နမ္မဖြစ်ဒေသခံတစ်ဦးက ပြောသည်။

“ပေါ်ဦးရေသန့်စက်ရုံက ဝန်ထမ်းနှစ်ယောက် လက်နက်ကြီးအစထိသွားတယ်ကြားတယ်။ စိုးရိမ်ရတဲ့အခြေအနေတော့ မဟုတ်ဘူး။ ပြောရမယ်ဆို ပစ်ကူတဲ့သဘောဟုတ်တယ်” ဟုပြောသည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိသည်ဟု ပြောဆိုနေကြသော်လည်း The 74 Media က အတည်ပြုနိုင်ရန်ကြိုးစားနေဆဲဖြစ်သည်။

ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုရှိ စစ်ကောင်စီရဲစခန်း အနီးတွင်လည်း ဇွန်လ ၂၉ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

သတင်း – SK

 

သင့်ထင်မြင်ချက်ရေးပေးပါ