ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ကျေးရွာကို ယမန့်နေ ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ‌အဆောက်အဦးငါးခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Yak – 130 အမျိုးအစား တိုက်လေယာဉ် သုံးစီးဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နမ်ဆန်ယန်ကျေးရွာအုပ်ချုပ်ရေးရုံးအပါအဝင် အဆောက်အဦးငါးခုပျက်စီးခဲ့ပြီး နွားနှစ်ကောင် ထိခိုက်သေဆုံးခဲ့သည်ဟု KIA နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“လေယာဉ်လာတာတော့ လေးစီးလာတယ်။ ဒါပေမဲ့ ဗုံးသုံးလုံး လာကြဲတယ်။ ရွာရဲ့အုပ်ချုပ်ရေးရုံးမှာ တစ်ခုကျတယ်၊ ကက်သလစ်ဘုရားကျောင်းဝင်းရှေ့မှာ တစ်ခု။ ပြီးတော့ အုတ်နဲ့လုပ်ထားတဲ့ ခြံစည်းရိုးမှာ တစ်ခုကျတယ်။ အခုရွာမှာတော့ ဘယ်သူမှ မရှိကြတော့ဘူး” ဟုပြောသည်။

The 74 Media က ရရှိထားသော ရုပ်သံဖိုင်အရ ဗုံးကြဲတိုက်ခိုက်ခံရသောကြောင့် ကျေးရွာအုပ်ချုပ်ရေးရုံးမှာ ခေါင်မိုးနှင့် အကာများ ပြိုကျနေပြီး ရုံးအုတ်တံတိုင်းပျက်စီးကာ အနီးရှိ နေအိမ်အဆောက်အဦးများလည်း ထိခိုက်ပျက်စီး‌နေသည်ကိုတွေ့ရှိရသည်။

မြစ်ကြီးနား – ဗန်းမော် ကားလမ်းရှိ နမ်ဆန်ယန်ကျေးရွာတွင် ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတဝိုက်တွင် စစ်ရေးပိုမိုတင်းမာလာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း အင်အားဖြည့်တင်းမှုများ ဆက်လက်ပြုလုပ်နေသည်။

KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လာသောကြောင့် နမ်ဆန်ယန်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် ကျေးရွာအတွင်း အလုပ်လာရောက်လုပ်ကိုင်နေသူ တစ်ထောင်ကျော်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ရှောင်ပြည်သူ ၂၀၀ ကျော်က မိုင်းနားကက်သလစ်စစ်ရှောင်စခန်းတွင် ပြန်လည်နေထိုင်နေကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ