ဝိုင်းမော်မြို့နယ် အောင်မြေ (၁)ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ဒေသအခေါ် လီဆူပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးနင်းလာသော လမ်းသွားလမ်းလာ အမျိုးသားသုံးဦးကို ယမန်နေ့ ည ၇နာရီခွဲအချိန်က ပစ်ခတ်ခဲ့သောကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဆိုင်ကယ်အတူစီးနင်းလာသော အမျိုးသားသုံးဦးကို စစ်ကောင်စီလက်အောက်ခံ ဒေသအခေါ် လီဆူပြည်သူ့စစ်စခန်းရှေ့တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရွှေညောင်ပင်က လူငယ်သုံးဦး ဝိုင်းမော်ကိုပြန်လာတဲ့အချိန်ဖြစ်တာ။ ပြည်သူ့စစ်စခန်းရှေ့ အင်လုံခတံတားမှာ လိုက်ပစ်ခံရတာ။ နှစ်ယောက်က လွတ်သွားတာ၊ တစ်ယောက်ပစ်ခံရတာ ဟုတ်တယ်” ဟုပြောသည်။

ရွှေညောင်ပင်ကျေးရွာဒေသခံ အမျိုးသားတစ်ဦး ဘယ်ဘက်ဒူးခေါင်းအောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဘယ်လိုဖြစ်တာလဲတော့မသိဘူး။ အောင်မြေ ၂ မှာဖြစ်တယ်လို့တော့ပြောကြတယ်။ လူနာကိုတော့ ဝိုင်းမော်ဆေးရုံကနေ မြစ်ကြီးနားဆေးရုံကို ပို့ထားလိုက်ပြီ” ဟုပြောသည်။

ပစ်ခတ်ခံရသည့် အမျိူးသားမှာ အသက် ၂၄ နှစ်အရွယ် ကျော်သူစိုးဆိုသူဖြစ်ပြီး ရွှေညောင်ပင်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်က ဝိုင်းမော်မြို့နယ် မြစ်ကြီးနား – ဗန်မော်သွားလမ်း အောင်မြေ (၁)ကျေးရွာရှိ လီဆူပြည်သူ့စစ်ဂိတ်စခန်းတွင် ကချင်လွတ်မြောက်ရေးတပ်(KIA) အရာရှိတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ