ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့ည ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံးပြာကျခဲ့ကြောင်း သိရသည်။

ဆိပ်မူကျေးရွာ ရပ်ကွက် (၄) ရှိ နေအိမ်တစ်လုံးမီးစတင်လောင်ကျွမ်းရာမှ အခြားအိမ်တစ်လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၄ နှစ်ခန့်အရွယ်ရှိ ရပ်ကွက်နေအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစချင်းလောင်တာ တစ်လုံးတည်းပြီးမှ မီးကနောက်တစ်အိမ်ကို ကူးသွားတာ။ အိမ်ချင်းကလည်းကပ်လျက်ကို ကံကောင်းလို့ပေါ့ အာကာမိုးဓာတ်ဆီဆိုင်နားအထိ မီးမကူးသွားတာ။ ဝါယာညှော်နံ့တွေတော့ရတယ် ဓါတ်ဆီပုံးက စလောင်တာလို့လည်း ပြောနေကြတယ်” ဟုပြောသည်။

သွပ်မိုး၊ ထရံကာ တစ်ထပ်အိမ်တစ်လုံးနှင့် နှစ်ထပ်အိမ်တစ်လုံးသို့ မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်ကားနှစ်စီးဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့ကြောင်း ကျောက်သွေးတောင်ကျေးရွာနေ ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“မီးကငြိမ်းသွားပြီ မီးထဲပါသွားတဲ့ပစ္စည်းတွေတော့ တော်တော်များတယ်။ အကုန်လုံးကို ပြာကျသွားတာဆိုတော့လေ” ဟုပြောသည်။

ဖားကန့်မြို့ မှော်စီစာကျေးရွာတွင်လည်း ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။

သတင်း – SK
ဓာတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ