ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင်ဟုယူဆရသူများက အရပ်သား (၅) ဦးကို ဓားဖြင့်ထိုးသတ်နေသည့် ရုပ်သံဖိုင်တစ်ခုကို The 74 Media က ရရှိထားသည်။

အဆိုပါရုပ်သံတွင် SNA လက်မောင်းတံဆိပ်ပါရှိသည့် ယူနီဖောင်းဝတ်စစ်သားတစ်ဦးနှင့် အရပ်ဝတ်အမျိုးသားတစ်ဦးက လူငါးဦးကို ဓားဖြင့်ထိုးသတ်နေသည်။

အချိန် နှစ်မိနစ် ဆယ်စက္ကန့်ရှိသည့် ရုပ်သံတွင် စွပ်ကျယ်အဖြူ၊ အမဲကွက်ကြားဝတ်ဆင်ထားသူက လက်နှစ်ဖက်ကြိုးချည်ထားသည့် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်နေပြီး အထိုးခံရသူက ကြောက်လန့်စွာ ရုန်းကန်နေသည်။

ဓားဖြင့်ထိုးသတ်ခံရသူသည် အင်္ကျီအနီရောင်နှင့် ပုဆိုးအကွက်ကြားကိုဝတ်ဆင်ထားပြီး ဓားထိုးခံရချိန်တွင် ရုန်းကန်နေသည်။

ဓားဖြင့်ထိုးသူက လည်ပင်းကိုဓားဖြင့်လှီးကာ ကျောကုန်းကို ဓားဖြင့်အကြိမ်ကြိမ်ထိုးနေသည်။

SNA လက်မောင်းတံဆိပ်ပါရှိသည့် ယူနီဖောင်းဝတ်စစ်သားကလည်း အခြားသူများကို ဓားဖြင့်ထိုးနေပြီး ရုပ်သံရိုက်ကူးသူက ဝင်ရောက်သတ်ဖြတ်သည်ကို မတွေ့ရသော်လည်း အနီးမှ အမိန့်ပေးနေသည်။

ရုပ်သံရိုက်ကူးသူ ညွှန်ကြားချိန်တွင် ရှမ်းဘာသာစကားအချို့ပါဝင်ပြီး “သူ့နှလုံးကိုထိုးလိုက်၊ ဘယ်ဖက်ရင်အုံကိုထိုးဦး၊ မသေသေးဘူး ထိုးလိုက်.. ထိုးလိုက်၊ အထက်ဘက် နည်းနည်းထိုးတာလိုသေးတယ်” ဟု ဆိုသည်။

ရုပ်သံရိုက်ကူးထားသည့် ဖုန်းကို စစ်ကိုင်းတိုင်းနှင့် ဆယ်ဇင်းကျေးရွာအနီး ၂၀၂၃ ခုနှစ် အစောပိုင်းကာလအတွင်း သိမ်းဆည်းရမိခဲ့သည်ဟု ရုပ်သံအကြောင်း သိရှိသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသော်လည်း  အသေးစိတ်အချက်အလက်များကို ၎င်း၏ လုံခြုံရေးကြောင့် ပြောပြရန် ငြင်းဆိုသည်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းကို ငါးကြိမ်ထက်မနည်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

သတ်ဖြတ်မှုကျူးလွန်သူများ၊ သတ်ဖြတ်ခံရသည့် အမျိုးသားများသည် မည်သူမည်ဝါဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်ခံရသည်ကို သိရှိနိုင်ရန် ကြိုးပမ်းနေသည်။

The 74 Media က စုဆောင်းထားသည့် သတင်းအချက်အလက်များအရ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ် ဆယ်ဇင်းအနီး ယခုနှစ် ဇန်နဝါရီလအစောပိုင်းက SNA နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်များ အတူတကွနေရာယူထားသော စခန်းအချို့ တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရသည်။

SNA တပ်ဖွဲ့ဝင်များက အရပ်သားများကို ခေါင်းဖြတ်သတ်ခဲ့သည်ဟု ယခင်ကလည်း စွပ်စွဲခံခဲ့ရဖူးသည်။

ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်း-ဖောင်းပြင်ကြားဗျူဟာလမ်းပေါ်ရှိ နန့်နန်းရွာတွင် အခြေပြုတပ်စွဲထားသော ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ တပ်မဟာ ၇၅၃ မှ အရာရှိစိုင်းပြူး ဦးဆောင်သည့် တပ်ဖွဲ့များသည် ဒေသခံပြည်သူများ ၂၀ ထက်မနည်းကို ခေါင်းဖြတ်သတ်ဖြတ်မှုများကျူးလွန်ခဲ့သည်ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များက ၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် သတင်းထုတ်ပြန်ခဲ့ဖူးသည်။

The 74 Media ကရရှိထားသည့် ရုပ်သံသည် အဆိုပါသတ်ဖြတ်မှုနှင့် ဆက်စပ်မှု ရှိ၊ မရှိကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ရုပ်သံသည် အများပြည်သူကြည့်ရှုရန် မသင့်တော်သဖြင့် အပြည့်အစုံကိုဖော်ပြနိုင်မည်မဟုတ်သော်လည်း ရုပ်သံပါအကြောင်းအရာအချို့ကို The 74 Media က မကြာမှီထုတ်လွင့်သွားမည်။

ဓာတ်ပုံ – ရုပ်သံတွင်တွေ့ရသည့် SNA တံဆိပ်ပါ စစ်ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးနှင့် အရပ်သားဝတ်စုံနှင့်အမျိုးသားတစ်ဦးက အရပ်သားငါးဦးကို ဓားဖြင့်ထိုးနေစဉ်

သင့်ထင်မြင်ချက်ရေးပေးပါ