စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းထောင်နေစဉ် မတော်တဆပေါက်ကွဲခဲ့သောကြောင့် ယမန်နေ့ နံနက် ၆ နာရီခန့်က ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဇင်းကလင်းကျေးရွာအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေချိန် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ရန်သူစခန်းအနီးမှာ မိုင်းထောင်ပြီး ဘက်ထရီလဲတဲ့အချိန် ဝါယာကြိုး ရေတွေစိုသွားလို့ ရှော့ခ်ဖြစ်ပြီး ပေါက်ကွဲသွားတာ အဓိကတော့ မိုးရွာလို့ပေါ့။ အခုက စကစ(စစ်ကောင်စီ)တွေ ရွာဘက်ကို အရင်ကလို စစ်ကြောင်းထိုးတာမျိုး မရှိဘူး။ သူတို့စခန်းအတွင်းကနေပဲ လက်နက်ကြီးတွေ ရမ်းသမ်းပြီးပစ်တာ။ အဲ့တာကြောင့် အနီးကပ်တိုက်ခိုက်ဖို့ မိုင်းသွားထောင်ခဲ့တာ” ဟုပြောသည်။

ကျဆုံးခဲ့သူမှာ အသက် ၂၀ ကျော်ခန့်အရွယ်ရှိ ရဲဘော်ကိုမုန်တိုင်းဆိုသူဖြစ်ပြီး PDF_Kalay မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။

ရဲဘော်မုန်တိုင်း၏ ရုပ်အလောင်းကို ယမန်နေ့မွန်းလွှဲပိုင်းက မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် စီးစံကျေးရွာမှ ဒေသခံပြည်သူ လင်မယားနှစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်နှင့် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ဇွန်လ ၂၅ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ CNDF- VAKOK တပ်ဖွဲ့ဝင် မင်းခန့်ကျော် (ခ) သားလေးဆိုသူ ကျဆုံးခဲ့ပြီး CDF – KKG တပ်ဖွဲ့ဝင် သုံးဦးနှင့် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(ပ.က.ဖ) တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – သေဆုံးသွားသော ရဲဘော်ကိုမုန်တိုင်း၏ ရုပ်အလောင်းကို မြေမြှပ်သင်္ဂြိုဟ်နေစဉ်

သင့်ထင်မြင်ချက်ရေးပေးပါ