တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေချိန် ယနေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် မူဆယ်မြို့နယ်မှ ဒေသခံသုံးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နမ့်အွမ်ကျေးရွာအထက်ရှိ စစ်ကောင်စီတပ်စွဲထားသော နေရာကို TNLA ကသွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆိုင်းခေါင်ကျေးရွာ ဒေသခံများ ထိခိုက်သေဆုံးခဲ့ကြောင်း အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“လေယာဉ်နဲ့လာပစ်လို့ ပလောင်လူမျိုးနေအိမ်မှာကျတာ။ အိမ်အသစ် အိမ်သစ်တက်ထားတာလည်း မကြာသေးဘူး။ အိမ်သားတွေအကုန် ဘုန်းကြီးကျောင်းဖက်ပြေးသွားတာ အိမ်စောင့်တစ်ယောက်ကျန်တာကို လေယာဉ်ဗုံးထိလို့ ပွဲချင်းပြီး ဆုံးသွားတယ်” ဟုပြောသည်။

သေဆုံးသူအမျိုးသားမှာ အသက် ၃၅ နှစ်ခန့်အရွယ်ရှိ တအောင်း(ပလောင်)လူမျိုးဖြစ်ပြီး ဒေသခံအမျိုးသားနှစ်ဦးမှာ ပေါင်နှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အခြေအနေစိုးရိမ်ရသော အမျိုးသမီးတစ်ဦးမှာ မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ရှမ်းနှင့် တအောင်း(ပလောင်)လူမျိုးအများစုနေထိုင်သည့် ကောင်းဝိန်းကျေးရွာကိုလည်း ယမန်နေ့ည ၁၁ နာရီခန့်က TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် နမ့်အွမ်ကျေးရွာ ဈေးမှ ဆိုင်ခန်းလေးလုံး ပျက်စီးခဲ့ကြောင်း အသက် ၃၈ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာထိပ် ဆီဆိုင်ဆိုတဲ့နေရာမှာ အပြန်အလှန် လက်နက်ငယ်တွေနဲ့ပစ်ကြတာ သိပ်မကြာဘူး၊ လက်နက်ကြီးတွေနဲ့ ထုတာ၊ မနက်မိုးလင်းတဲ့အထိပဲ။ အိမ်ပေါ်ကနေ ငါးမိနစ်လောက်နေရင် ဝူးခနဲနဲ့ ဖြတ်ဖြတ်သွားတာ၊ တစ်စက်လေးမှတောင် မအိပ်လိုက်ရဘူး” ဟုပြောသည်။

ယမန်နေ့ည တိုက်ပွဲဖြစ်ပွားနေချိန် မူဆယ်မြို့၊ ၁၀၅ မိုင်တပ်၊ နမ်ဖက်ကာကျေးရွာ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၁၂၃ နှင့် မုန်ဘောခတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကောင်းဝိန်းကျေးရွာနှင့် ဆိုင်းခေါင်ကျေးရွာတို့တွင်လည်း အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူများကို လိုက်လံဖမ်းဆီးနေသောကြောင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ ဇီးဒဘန်ကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၁၇ နှစ်ခန့်အရွယ်ရှိ ယောကျာ်းလေးတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ