ဖားကန့်မြို့နယ် စပျစ်ကူးကျေးရွာအုပ်ချုပ်ရေးမှူးကို ယမန်နေ့ ည ၇ နာရီခန့် အမည်မသိအမျိုးသားလေးဦးက လာရောက်ခေါ်ဆောင်သွားပြီး ပစ်သတ်သွားကြောင်း သိရသည်။

ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာသော လက်နက်များကိုင်ဆောင်ထားသည့် အမျိုးသားလေးဦးက ကျေးရွာရန်ပုံငွေဖြင့် ဝယ်ယူထားသော ပါဂျဲရိုးကားနှင့်အတူ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခေါ်ဆောင်သွားရာမှ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မျောက်ဖြူကျေးရွာမှ အသက် ၅၂ နှစ်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“သူ့အိမ်မှာလာခေါ်တာ လေးယောက်ဟုတ်တယ်။ နှစ်ယောက်ကတော့ ဆိုင်ကယ်နှစ်စီးနဲ့ပြန်ထွက်သွားတယ်။ ကျန်တဲ့နှစ်ယောက်က ရွာကားနဲ့သူ့ကိုပါခေါ်သွားတာ။ သေနတ်အတိုတွေလည်းပါခဲ့တယ်” ဟုပြောသည်။

သတ်ဖြတ်ခံခဲ့ရသူမှာ အသက် ၅၆ နှစ်ခန့်အရွယ်ရှိ ဦးအောင်လင်းဆိုသူဖြစ်ပြီး ဝှေခါကျေးရွာသွားသည့်လမ်းတွင် ဦးခေါင်းတွင် သေနတ်ဒဏ်ရာနှင့် ရိုက်နှက်ထိုးကြိတ်ထားသော ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အလောင်းတစ်လောင်းလမ်းမှာတွေ့တယ်။ ဆိုင်ကယ်အလုခံရလို့သေတယ်ဆိုပြီး ဝှေခါသုဿန်မှာ မြုပ်လိုက်တာတဲ့။ နောက်မှသိလိုက်ရတာက ကိုအောင်လင်းဖြစ်နေတယ် သူ့သမီးတွေလာပြောတာနဲ့ အလောင်းကိုတော့ ဖော်ပေးခဲ့တယ်” ဟုပြောသည်။

လူသတ်မှုကျူးလွန်ခဲ့သည့် အဆိုပါအမျိုးသားလေးဦးမှာ မည်သည့်အဖွဲ့အစည်းက ဖြစ်သည်ကို မသိရှိရသေးကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း ဖားကန့်မြို့ ဆိုင်း‌တောင်ကျေးရွာမှ ရှင်းရင်ဟိုတယ်နှင့် KTV ပိုင်ရှင် အသက် ၅၅ နှစ်ခန့်အရွယ်ရှိ မဖြူဆိုသူကို အမည်မသိလူတစ်စုက လာရောက်ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည်။

 

သတင်း – SK

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ