ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့က မိုင်းဟုယူဆရသော ပလပ်စတစ်အိတ်အမဲဖြင့် ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

တိပ်အဝါဖြင့်ပတ်ထား‌သော ချိန်ကိုက်မိုင်းတစ်လုံးကို ဆိပ်မူရပ်ကွက် (၂) ရှိ ဧရာဦးဆေးဆိုင်အရှေ့ ဓာတ်တိုင်အနီးတွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၁ နှစ်ခန့်အရွယ်ရှိ ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ဒီဆိုင်ရှေ့ကနေ စစ်သားတွေဖြတ်နေကြဟုတ်တယ်။ စစ်တပ်ကုန်းနဲ့လည်းနီးတယ်လေ။ ဘယ်တုန်းကတည်းကရှိနေတာလဲဆိုတာတော့ မသိဘူး။ လောလောဆယ် အဲ့နားတစ်ဝိုက် မသွားဖို့တားထားကြတယ်” ဟုပြောသည်။

အဆိုပါမိုင်းတွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက်မှ ဈေးဆိုင်များ ပိတ်ထားပြီး နီးစပ်ရာသို့လည်း မိုင်းကို လာရောက်ရှင်းလင်းပေးရန်အကြောင်းကြားထားကြောင်း အသက် ၅၁ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဆိုင်ရဲ့အရှေ့မှာကိုအထုပ်က အမြန်ဆုံးလာရှင်းပေးဖို့တော့ ဖုန်းဆက်ပြောပြီးပြီ။ ဖားကန့်မှာရှိတဲ့ညီအစ်ကို မောင်နှမတွေကိုလည်း သတိထားစေချင်ပါတယ်” ဟုပြောသည်။

အဆိုပါမိုင်းဟုယူဆရသော အထုပ်ကို လက်ရှိအချိန်ထိ သက်ဆိုင်ရာများက လာရောက်ရှင်းလင်းပေးခြင်းမရှိကြောင်း ဒေသခံများထံက သိရသည်။

ဖားကန့်မြို့ စပျစ်ကူးကျေးရွာ အုပ်ချုပ်ရေးမှူးကို အမည်မသိအမျိုးသားလေးဦးက ဇူလိုင်လ ၂၅ ရက်နေ့တွင် လာရောက်ဖမ်းဆီးသွားပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။

ဖားကန့်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အကြား တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည့်အပြင် နှစ်ဖက်အပြန်အလှန်လုပ်ကြံသတ်ဖြတ်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများလည်း အပတ်စဉ်ဆိုသလို ဖြစ်ပွားနေသည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ