စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့အား ယမန်နေ့ နံနက် ကိုးနာရီအချိန်ခန့်က ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုင်တီလမ်းရှိ ဂေါ့နန်ကျေးရွာနှင့် လဂျွန်ကျေးရွာကြားတွင် ကေအိုင်အေအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား ၅၀ ခန့်ပါဝင်သော စစ်ကောင်စီနှင့် ဒေသအခေါ် လီဆူပြည်သူ့စစ်ပူးပေါင်းတပ်ကို ကချင်လွတ်မြောက်ရေးတပ် တပ်ရင်း (၃) က  ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဖားကန့်က မိုင်းတွေသယ်ခွင့်ပေးတဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမိုး၊ 2IC တို့ကို စင်ကြိုင်(ရွာ)မှာ စစ်ကောင်စီတွေ ဖမ်းထားတာကို ရွှေမင်းပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေနဲ့ စစ်ကောင်စီတွေ ခေါ်လာတာ အင်အား ၅၀ ကျော်ကို ကြားဖြတ်ပစ်တာ ၁၅ မိနစ်လောက်ပဲ ဟုတ်တယ်” ဟုပြောသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရှိရသေးကြောင်း အသက် ၅၀ ကျော်အရွယ် ဆဒုံးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွှေမင်းရဲ့လူတွေလည်းပါတယ်။ အခုပြောနေတဲ့ ဗျူဟာမှူးလား စစ်ကြောင်းမှူးလား သူ့ကိုလာကြိုတယ်လို့လည်းပြောကြတယ်။ ဆင်းလာတာကို စောင့်ပစ်တယ်လို့ပြောကြတယ်၊၊ ထိခိုက်ဒဏ်ရာရတာတွေကမသိရသေးဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖောက်ခွဲရေးတွင် အသုံးပြုသည့် ယမ်းများ ပြည်တွင်းသို့ တင်သွင်းခွင့်ပေးသည်ဟုဆိုကာ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သော ကန်ပိုင်တီမြို့မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လှမိုး ဖမ်းဆီးခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင်တွင် ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ စစ်ကောင်စီနှင့် ဒေသအခေါ် လီဆူပြည်သူ့စစ်ပူးပေါင်းတပ်နှင့် KIA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ် တပ်ရင်း (၃) ၏ လဂတ်ကောင်ရှိ ရှေ့တန်းတပ်စခန်းတစ်ခုကို သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – Kachinland News

သင့်ထင်မြင်ချက်ရေးပေးပါ