မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဟိုပင်မြို့၊ သရက်ချောင်းတစ်လျှောက်ရှိ နေအိမ်နှစ်လုံး ပျက်စီးသွားပြီး နေအိမ် အလုံး ၅၀ ခန့် ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

သရက်ချောင်းဖျားရှိ တောင်ပေါ်တွင် ယမန့်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သရက်ချောင်း၊ ကင်မွန်ချောင်းနှင့် သဲဖြူချောင်းတို့ ရေမြင့်တက်လာပြီး ယနေ့ နံနက်ပိုင်းက ချောင်းတစ်လျှောက်ရှိ ရပ်ကွက်များ ရေနစ်မြုပ်ခဲ့ကြောင်း အသက် ၄၀ ခန့်အရွယ် ဟိုပင်မြို့နေ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ဟိုပင်မြို့ထဲ ဝင်တဲ့ ချောင်းသုံးချောင်းပေါင်းပြီး ရေများသွားတယ်။ အရင်ကတော့ ဒီလောက် ရေမကြီးဘူး။ တောင်ပေါ်မှာက မိုးအရမ်းရွာတော့ ရေများလာပြီး ရေကြီးသွားတယ်။ တောင်ကျရေက ရေစီးတအားသန်တော့ ဆီပေပါ၊ အိမ်ခြံစည်းရိုး၊ အိမ်သာနဲ့ မီးဖိုဆောင် ပါသွားတာတွေ ရှိတယ်” ဟု သူက ပြောသည်။

ဟိုပင်မြို့၊ အောင်နန်းရပ်ကွက်တွင် ရေထိန်းထားသော ဆည်တစ်ခုဆောက်လုပ်ထားသော်လည်း ရေကြီးရေလျှံ့မှုကြောင့် နေအိမ်နှစ်လုံး ရေထဲမျောပါသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ချောင်းတစ်လျှောက်မှာနေတဲ့ အိမ်တွေတော့ ရေဝင်တယ်၊ ပြီးရင် နေအိမ်နှစ်လုံးတော့ ရေထဲပါသွားတယ်။ အရမ်းခိုင်ခံ့အောင် ဆောက်ထားတဲ့ အိမ်တော့ မဟုတ်ဘူး။ ရိုးရိုးဆောက်ထားတဲ့ အိမ်ပေါ့။ ရေကြီးတာက တစ်အိမ်နဲ့ တစ်အိမ်ရေဝင်တဲ့ အမြင့်တော့ မတူဘူး။ တချို့အိမ်တွေမှာတော့ နှုံးတင်သွားတာပေါ့” ဟုပြောသည်။

အဆိုပါ ရေကြီးရေလျှံ့မှုကြောင့် ချောင်းတစ်လျှောက်ရှိ မြနန္ဒာ၊ စက်ကုန်း၊ အောင်နန်းနှင့် အောင်ချမ်းသာရပ်ကွက်ရှိ နေအိမ်နှင့် အိမ်မွေးတိရိစ္ဆာန်များ ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ဟိုပင်မြို့ရှိ ပရိဟိတအဖွဲ့အချို့က သုံးနာရီကြာ ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရပြီး ယနေ့ ညနေ ၆ နာရီ မေးမြန်းချက်အရ ရေကျလာပြီဖြစ်သော်လည်း နေအိမ်အချို့တွင် ချက်ပြုတ်စားသောက်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – credit to owner

သင့်ထင်မြင်ချက်ရေးပေးပါ