မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းမှ ဆန်တက်လာသော စစ်ကောင်စီသင်္ဘောများကြောင့် ယမန်နေ့မှစပြီး ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာအချို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

စစ်ကောင်စီ သင်္ဘောများ ရောက်ရှိလာချိန်တွင် တိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် ကောင်းတုံနှင့် မြလယ်ကျေးရွာရှိ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများကို ဘေးလွှတ်ရာနေရာများသို့ ပြောင်းရွှေ့ထားကြောင်း အသက် ၄၀ နှစ်ခန့်အရွယ် မြလယ်ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“တစ်ရွာလုံး ထွက်ပြေးနေတာတော့ မဟုတ်ဘူး။ ရွာမှာလည်း လူတွေ အများကြီး ရှိသေးတယ်။ ကလေးတွေလည်း များတယ်ဆိုတော့ တိုက်ပွဲဖြစ်မှာ ကြောက်လို့ ရှောင်နေတာ။ ပြီးရင် စစ်သင်္ဘောလည်း တက်လာတယ်ဆိုတော့ ရမ်းသမ်းပစ်တာမျိုး စိုးရိမ်လို့ပါ” ဟုပြောသည်။

ဒေသခံပြည်သူများသည် နီးစပ်ရာနေရာများနှင့် တောင်ယာများတွင် ထွက်ပြေးတိမ်းရှောင်နေကြောင်း မြလယ်ဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ကောင်းတုံ(ရွာ)ဖက်က အရင်ပြေးကြတာ။ တချို့ကျတော့လည်း လယ်တောတွေမှာ စပါးတွေ ကြိတ်၊ စားစရာတွေ ယူထားပြီး ရှောင်နေကြပြီ။ စစ်ကောင်စီကတော့ သိတဲ့အတိုင်းပဲ သူတို့ အထိနာပြီဆိုရင် ရွာမီးရှို့၊ ပြည်သူတွေကို နှိပ်စက်လာမှာကို စိုးရိမ်ကြလို့ ရှောင်နေကြတာ” ဟုပြောသည်။

ကောင်းတုံနှင့် မြလယ်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သူ ဒေသခံအရေအတွက်သည် ကျေးရွာအတွင်း နေထိုင်သူများ၏ သုံးပုံတစ်ပုံခန့် ရှိကြောင်း ဒေသခံများက ဆိုသည်။

မြလယ်ကျေးရွာသည် စင်းခန်းကျေးရွာအုပ်စုတွင် ပါဝင်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ တစ်ထောင်ကျော်နှင့် လူဦးရေ ရှစ်ထောင်ခန့် နေထိုင်ပြီး ကောင်းတုံကျေးရွာအုပ်စုတွင် အိမ်ခြေ တစ်ရာကျော်နှင့် လူဦးရေ နှစ်ထောင်ခန့် နေထိုင်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းမှ ဗန်းမော်မြို့နယ်သို့ ဆန်တက်လာသော စစ်ကောင်စီ သင်္ဘော ၉ စီးသည် ယနေ့နံနက်ပိုင်းက သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ရောက်ရှိနေပြီး ဗန်းမော်မြို့နှင့် မိုင်ပေါင်း ၁၅၀ ခန့်အကွာ၊ ကားဖြင့် ၇ နာရီခန့် မောင်းနှင်ရသော အကွာအဝေးတွင် ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ သင်္ဘော ၉ စီးကို ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး သင်္ဘောနှစ်စီး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

သတင်း – Pan Soon

ဓါတ်ပုံ – မန္တလေးဂေါဝန်ဆိပ်ကမ်းမှ ဗန်းမော်မြို့နယ်သို့ ဆန်တက်လာသော စစ်ကောင်စီ သင်္ဘောအချို့ကို တွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ