စစ်ကောင်တပ်ဖွဲ့ဝင်များက ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် ယနေ့ နံနက် ရှစ်နာရီခန့်မှစတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

ထွက်ပြေးတိမ်းရှောင်နေသူများတွင် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များလည်းပါဝင်ပြီး ကျေးရွာများနှင့် နီးစပ်ရာတောများတွင် ပုံစံအမျိုးမျိုးဖြင့် စခန်းချနေထိုင်နေကြောင်း အသက် ၂၀ ကျော်အရွယ် ထွက်ပြေးတိမ်းရှောင်နေသော အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“တချို့တွေက မိုးကာတဲတွေဆောက်ပြီး နေကြတဲ့သူတွေရှိသလို မိုးကာမရှိလို့အပင်အောက်မှာတွေပဲ နေကြရတဲ့သူတွေလည်းရှိတယ်။ အများပိုင်းကတော့ တောမှာပဲဖြစ်သလိုနေကြရတာ။ အသက် ၈၀ ကျော်လောက်ရှိတဲ့ လူကြီးတွေလည်း အများကြီးပဲ” ဟုပြောသည်။

စစ်ကောင်တပ်ဖွဲ့ဝင်များ၏ ရိက္ခာနှင့် စစ်လက်နက်များ တင်ဆောင်လာသော စစ်သင်္ဘောအုပ်စုသည် ချင်းတွင်းမြစ်အတိုင်း အထက်ဘက်သို့ ဆန်တက်လာသောကြောင့် ချင်းတွင်းမြစ်ကမ်းတစ်လျောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း ယင်းမာပင်မြို့နယ် မြေပြင်သတင်းထောက်လှမ်းနေသူ ကိုမြတ်ကိုးကပြောသည်။

“အဲ့ကောင်(စစ်ကောင်စီ)တွေက သူတို့သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ်သွားလို့ရအောင် မြေပြင်ကိုရှင်းလင်းရေးလုပ်တဲ့အနေနဲ့ ချင်းတွင်းမြစ်ကမ်းက ရွာတွေကို အရင်စစ်ကြောင်းထိုးတာ” ဟုပြောသည်။

စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ကျေးရွာများသည် စုန်းချောင်းကျေးရွာ၊ စေသူကျေးရွာ၊ သံဘိုကျေးရွာ၊ ကွေ့ချောင်း နှင့် ကျောက်မှော်ကျေးရွာများဖြစ်ကြပြီး ဒေသခံ တစ်သောင်းကျော်ခန့်ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သူကပြောသည်။

အဆိုပါကျေးရွာများသို့ စစ်ကြောင်းထိုးသော စစ်ကောင်စီတပ်ဖွဲ့များသည် အင်အား ၁၀၀ ခန့်ရှိပြီး လက်ရှိအချိန်တွင် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် ဒေသခံ ၁၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ပုံ – MPA

 

သင့်ထင်မြင်ချက်ရေးပေးပါ