နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချမှတ်ထားသည့် ပြစ်မှုအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားသော ပုဒ်မ ၁၉ မှုမှ ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ်ကို ပြစ်ဒဏ်လျော့ပေါ့လိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု၊ ပုဒ်မ ၅၀၅၊ သဘာဝဘေးအန္တာရာယ် စီမံခန့်ခွဲမှု ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေနှင့် ပို့ကုန်သွင်းကုန် ဥပဒေတို့ဖြင့် ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခံထားရမှ ခြောက်နှစ်ကို လျော့ပေါ့ခဲ့ခြင်းဖြစ်သော်လည်း ထောင်ဒဏ် ၂၉ နှစ် ဆက်လက်ကျန်ရှိနေသေးသည်။

သမ္မတဦးဝင်းမြင့်လည်း အမှုနှစ်ခုအတွက် ထောင်ဒဏ် ၄ နှစ်လျော့ပေါ့ခံရသော်လည်း ထောင်ဒဏ် ၁၀ နှစ် ဆက်လက်ကျန်ရှိနေသေးသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား/ သူ ၇၇၄၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ယမန်နေ့နံနက်က ထုတ်လွင့်ကြေညာခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးနှင့် လက်နက်ကိုင်များနှင့် ဆက်စပ်သူ ၇၂ ဦးတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးတွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) မှ ၁၆ ဦး၊ ကိုးကန့် (MNDAA) မှ နှစ်ဦး၊ SSPP/SSA မှ သုံးဦးနှင့် ရခိုင့်တပ်မတော်(AA)မှ တစ်ဦးတို့ပါဝင်ကြောင်း သိရသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ