စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသူအကျဉ်းသား ၇၀ ကျော် ယနေ့ နေ့လယ် နှစ်နာရီအချိန်ခန့်ကလွတ်မြောက်လာခဲ့ကြောင်းသိရသည်။

လွတ်မြောက်လာသူများတွင် နိုင်ငံရေးပြစ်မှုနှင့် မူးယစ်မှုများမပါဝင်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့လွတ်ပေးတဲ့ထဲမှာ အစကတော့ ၁၀၀ လွတ်ပေးမယ်လို့ပြောတယ်၊ နောက်တော့ ၇၀ ကျော်လောက်ပဲလွတ်လာတယ်” ဟုပြောသည်။

လွတ်မြောက်လာသူများတွင် အမျိုးသမီး ၆ ဦးပါဝင်ပြီး အမှုငယ်များကို လွတ်ပေးခြင်းဖြစ်ကြောင်း လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“အမှုသေးတွေကိုပဲ လွတ်ပေးတာ။ ၆ လအောက်လောက်ပဲ ကျန်တော့တဲ့ အကျဉ်းသားတွေကို လွတ်ပေးတာဟုတ်တယ်” ဟုပြောသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်သည် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာတွင် ပါဝင်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးပါ။

စစ်ကောင်စီက ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ဟုဆိုကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။

သတင်း – Doi Awng

ဓာတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ