စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသော တီးမကျေးရွာမှ လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ယမန့်နေ့က မူဆယ်မြို့နယ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

နမ်ဖတ်ကာကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၁၂၃) အတွင်းတပ်စွဲထားသည့် ခ.မ.ရ (၅၆၉) က ဇူလိုင်လ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ရိုက်နက်သတ်ဖြတ်မီးရှို့ခံထားရသော ရုပ်အလောင်းကို ဆွမ်လုံကျေးရွာအနီးတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ထင်းရှူးတောထဲမှာ ပြန်တွေ့တာ။ သူတို့(စစ်ကောင်စီ)က မီးရှို့ထားတာ ကောင်းကောင်းတောင် မကြည့်တတ်တော့ဘူး၊ အသတ်ခံရတဲ့သူတွေ ယူလာတဲ့ ပစ္စည်းတွေ မီးမလောင်ဘဲ ကျန်နေတဲ့ အင်္ကျီအပိုင်းအစတွေ့မှ ကြည့်တတ်တာ။ ပြီးရင် လေယာဉ်ဗုံးထိပြီးဆုံးသွားတဲ့ ပလောင်အမျိုးသားအလောင်းလည်း အဲ့ဒီမှာပဲ အတူတူမြုပ်ထားတာ” ဟုပြောသည်။

အဆိုပါ တအောင်း(ပလောင်) လူမျိုး အမျိုးသားမှာ ဇူလိုင်လ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ချိန် သေဆုံးခဲ့သူဖြစ်ပြီး ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို စားဓားခံအဖြစ်ဖမ်းဆီးခြင်းနှင့် အပြစ်မရှိသည့် ပြည်သူများကို သတ်ဖြတ်ကာ ရုပ်အလောင်းများကို စစ်သားကဲ့သို့ပြုလုပ်ထားပေးကြောင်း သူကဆက်ပြောသည်။

“အလောင်းကို စစ်သားသေသလို ပြန်လုပ်ထားပေးတာ ပလောင်စစ်သားတွေရဲ့ အင်္ကျီတွေ ပြန်ဝတ်ထားပေး သေနတ်တွေထားထားပြီး ဦးထုပ်တွေ သွေးတွေနဲ့ ပြန့်ကျဲနေတာ။ ဓာတ်ပုံမှာ ပြန်ကြည့်တော့ လက်မှာ ညိုစွဲနေတာ၊ စစ်ဘက်ဆိုင်ရာနဲ့ ဘာမှမပတ်သက်ဘူး၊ ဘာမှအပြစ်မရှိတဲ့သူကို သတ်ဖြတ်လိုက်တာ။ ပြည်သူတွေကို ဓါးစာခံလုပ်တယ်၊ အလောင်းကို ရုပ်ဖြတ်တယ်” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် အသက် ၂၅ နှစ်ခန့်အရွယ်ရှိ မောင်ကင်ရော်တူးဂျာနှင့် အသက် ၂၉ နှစ်ခန့်အရွယ်ရှိ မောင်ရှန်ထင်းဘရန်အောင်တို့မှာ တီးမကျေးရွာနှစ်ခြင်းခရစ်ယာန်အသင်းတော်က ဖွင့်လှစ်ထားသည့် ဆေးခန်းအတွက် ဆေးပစ္စည်းများသယ်ယူနေချိန် အသင်းတော်ကားနှင့်အတူဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မူဆယ်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

“အဖမ်းခံရတဲ့နေ့က တိုက်ပွဲဖြစ်တယ်လေး။ လေယာဉ်နဲ့ဗုံးကြဲပြီးတဲ့နောက် လမ်းဖြတ်သွားရင်းနဲ့ အဖမ်းခံရတာ။ အသင်းတော်ဆေးခန်းကနေ ဆေးသွားသယ်ခိုင်းတာ ပရာဒိုကားနဲ့ လမ်းမှာအစစ်ခံရတော့ ဖမ်းခေါ်သွားတာ။ ကားကိုကျတော့ စစ်ကြောင်းမှူးကိုယ်တိုင်မောင်းသွားတာ ပြန်မတွေ့တော့ဘူး” ဟုပြောသည်။

ရိုက်နက်သတ်ဖြတ်မီးရှို့ခံထားရသည့် ရုပ်အလောင်းမှ အရိုးများကို ယနေ့ မြုပ်နှံလိုက်ပြီဖြစ်ကြောင်း သိရသည်။

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တီးမကျေးရွာအနီး စစ်ရေးလှုပ်ရှားမှုများ ရှိနေသောကြောင့် နမ့်အွမ်ကျေးရွာရှိ ဒေသခံပြည်သူများသည် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် မူဆယ်မြို့နယ်၊ ဆိုင်းခေါင်ကျေးရွာမှ အမျိုးသားတစ်ဦး သေဆုံးပြီး ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ