ဖားကန့်မြို့ ဆိပ်မူကျေးရွာအနီးတွင် ပုပ်ပွနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ နံနက် ၈ နာရီခန့်က လည်ပင်းတွင် နွယ်ကြိုးဖြင့် ချည်ခံထားရသော ဒဏ်ရာများတွေ့ရှိခဲ့သည်ဟု အသက် ၃၉ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကိုယ့်ဘာသာကြိုးဆွဲချသေတာလား အသတ်ခံရတာလားဆိုတာတော့ သိပ်မသဲကွဲဘူး။ ကောင်လေးက ခပ်ငယ်ငယ်ပဲ။ အဲ့ဒီဘက်လမ်းက လူသွားလူလာနည်းတယ်။ လုယက်ခံရတာတွေ အသတ်ခံရတာတွေက ဖြစ်နေကြ” ဟုပြောသည်။

သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရဘဲ ပိုင်ရှင်မဲ့ရုပ်အလောင်းအဖြစ် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ဆိပ်မူကျေးရွာရှိ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အလောင်းက ကျွန်တော့်အနေနဲ့ပြောရရင် သုံးရက်အထက်မှာရှိလောက်တယ်။ အသားတွေတောင်ရွဲနေပြီလေ အခုတောင်အဲ့နားတစ်ဝိုက်က လူတွေတွေ့လို့လာပြောမှ သွားကောက်ရတာ။ တောထဲလည်းဖြစ်နေတယ်ဆိုတော့” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် ပိုင်ရှင်မဲ့အလောင်းများနှင့် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ မကြာခဏ တွေ့ရှိရပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ကလည်း စပျစ်ကူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်လင်းကို အမည်မသိအမျိုးသားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာရန်ပုံငွေဖြင့် ဝယ်ယူထားသော ကားနှင့်အတူ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကာ ပစ်သတ်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း ဖားကန့်မြို့ ဆိုင်း‌တောင်ကျေးရွာမှ ရှင်းရင်ဟိုတယ်နှင့် KTV ပိုင်ရှင် အသက် ၅၅ နှစ်ခန့်အရွယ်ရှိ မဖြူဆိုသူကို အမည်မသိလူတစ်စုက လာရောက်ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည်။

သတင်း – SK

ဓာတ်ပုံ – KNG

 

သင့်ထင်မြင်ချက်ရေးပေးပါ