စစ်ကောင်စီတပ်နှင့် KPDF တို့ အင်းတော်မြို့နယ်တွင် ယနေ့ နံနက် ၆ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

နဘားလမ်းဆုံအနီးတွင် မိနစ် ၃၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမှုပြုလုပ်ချိန် ကားတစ်စီးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာ အနီးတွင်ရှိနေခဲ့သည့် Indaw Revolution တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“နဘားလမ်းဆုံနားမှာတိုက်ပွဲဖြစ်ပြီးတော့ စစ်ကောင်စီက လာသမျှကားတွေကို စစ်တာပေါ့။ အဲဒီ Light Truck ကားဆရာက မရပ်ပေးလို့ဆိုပြီးတော့ ပစ်လိုက်တာပေါ့။ ပစ်လိုက်တော့ ကားဆရာ တစ်ယောက်သေသွားတယ်။ ကားပေါ်မှာပါတဲ့ နောက်ခရီးသည်နှစ်ယောက်ကလည်း ထိခိုက်ဒဏ်ရာရတယ်” ဟုပြောသည်။

ခရီးသည်အမျိုးသားနှစ်ဦးမှာလည်း မျက်ခုံးနှင့်နားတို့တွင် ကျည်စထိမှန်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူမှာ စစ်ကိုင်းမြို့တွင် ဘုရားထီးတော်ပြုလုပ်သည့် အသက် ၄၀ ဝန်းကျင်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို နေရပ်သို့ပြန်လည်ပို့ဆောင်ရန်လည်း အခက်အခဲများကြုံနေရကြောင်း မျိုးဆက်သစ်လူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“သူတို့က အဲဒီ(ကသာဆေးရုံ)ကနေပြီးတော့ DB (ရုပ်အလောင်း) ကိုပို့ပေးပါလို့ အကူညီလှမ်းတောင်းတော့ ကသာကိုးပင်နဲ့ ကြာညှပ်လမ်းကြားက ပိတ်ထားတော့ သွားပေးလို့အဆင်မပြေဘူးဗျ။ ကျွန်တော်တို့ကတော့ ကသာမှာပဲ သင်္ဂြုဟ်လိုက်လို့ အကြံဉာဏ်ပေးလိုက်တယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် သေဆုံးသူ၏ ရုပ်အလောင်းကို ကသာဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အင်းတော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ လေးလခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယနေ့ ဩဂုတ်လ ၂ ရက်နေ့တွင် KPDF တပ်ရင်း (၆) နှင့် စစ်ကောင်စီ ခမရ (၄၁၆) တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ကလည်း အင်းတော်မြို့နယ်၊ နံ့သာကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး KPDF တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးခဲ့သည်။

သတင်း – Thu Ta

ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ