မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (၂) ရှိ နေအိမ်တစ်အိမ်အတွင်း ပိုက်ဆံဝင်ရောက်ခိုးယူခဲ့သည့် အမျိုးသမီးတစ်ဦးအား ယမန်နေ့ မွန်းလွှဲ သုံးနာရီခွဲခန့်က ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

ခိုးမှုကျူးလွန်သူအမျိုးသမီးသည် ဆိုင်ကယ်ဖြင့် ထွက်ပြေးတိမ်းရှောင်သွားသော်လည်း ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်အောက်က အခန်းမှာ ဝင်မွှေပြီးခိုးသွားတာ၊ သူက အဲ့ဒီအိမ်က ပိုက်ဆံ တစ်သိန်းကို ခိုးပြီး ဆိုင်ကယ်နဲ့မောင်းထွက်သွားတာ၊ လိုက်တော့ပြန်မိတယ်။ ဒါတောင်ဆိုင်ကယ်ထားပြီး ထွက်ပြေးသေးတယ်၊ သူကအမျိုးမျိုးလိမ်တာ၊ သူကနေရာတကာ လိုက်ခိုးတာ၊ သူ့အိတ်မှာက ခိုးထားတဲ့ ပိုက်ဆံ တစ်သိန်းပဲရှိနေတယ်၊ နာမည်ကအမျိုးမျိုးပြောတယ်၊ လူကြီးတွေစစ်ဆေးတော့ ဆိုင်ကယ်မှာ ဆံပင်အတုတွေနဲ့ အင်္ကျီအပိုတွေပါတယ်” ဟုပြောသည်။

အဆိုပါအမျိုးသမီး၏ လက်တွင် ဆေးထိုးအပ်ရာများကိုတွေ့ရှိရပြီး ၎င်း၏အမည်မှာ မရန်နန်ဆိုင်းပန်ဟု ဝန်ခံခဲ့ကြောင်း သူကဆက်ပြောသည်။

ထိုအမျိုးသမီးသည် နမ္မတီးမြို့ လမ်းခွကျေးရွာဒေသခံဖြစ်ပြီး ထိုနေရာများတွင်လည်း လိုက်လံခိုးမှုကျူးလွန်သူဖြစ်သောကြောင့် ဒေသခံတာဝန်ရှိသူများက သတိပေး (warning) ခံရသူဖြစ်ကြောင်း နမ္မတီးဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“သူက နေရာတကာ လိုက်ခိုးတာ၊ ခိုးလွန်းလို့ရွာထဲကတောင် ပတ်ဂျဆန်(မူးယစ်တိုက်ဖျက်ရေးအဖွဲ့)တွေ မောင်းထုတ်လိုက်တာ၊ နမ္မတီးအချုပ်ထောင်မှာလည်းဝင်ပြီ၊ တောဘက်က KIA တပ်ရင်း (၁၁) မှာလည်း ဖမ်းထားဖူးပြီ၊ တနိုင်းဘက်တွေမှာလည်း ရွှေတွေလိုက်ခိုးတာအမျိုးမျိုးပဲ အခုမြစ်ကြီးနားကို ရောက်လာတာ” ဟုပြောသည်။

ခိုးမှုကျူးလွန်သူ အဆိုပါအမျိုးသမီးကို နယ်မြေမှူးများနှင့် ရပ်ကွက်လူကြီးများထံ အပ်နှံလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် ပြီးခဲ့သည့် လပိုင်းက ယုဇနရပ်ကွက်ရှိ ဘုရားကျောင်းဝင်းတစ်ခုအတွင်း ဝင်ရောက်ကာ ခိုးမှုကျူးလွန်စဉ် ဖမ်းမိခဲ့သူဖြစ်ပြီး ဒေသခံများဆုံးမကာ ပြန်လည်လွှတ်ပေးခဲ့သူဖြစ်ကြောင်းသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့ပေါ်တွင် ခိုးမှုများပြားလာကာ ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့ မကြာခဏ ခိုးယူခံနေရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – CJ

 

သင့်ထင်မြင်ချက်ရေးပေးပါ