ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ ညနေ ငါးနာရီခန့်က မြစ်ကြီးနားမြို့နယ် ဆင်ဘိုဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ – ၁၄၁) ကို KIA တပ်မဟာ (၈) လက်အောက်ခံ တပ်ရင်း (၅) က သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“တာလောကြီးနဲ့ ဟိုဘက်ကမ်းဟုတ်တယ်။ ငါးနာရီမှာသွားပစ်တာ။ အခုလည်း ပစ်နေတုန်းပဲ” ဟုပြောသည်။

မြစ်ကြီးနားမြို့နယ် တာလောကြီးနှင့် သုံးမိုင်ခန့်အကွာ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး လက်နက်ကြီး ပေါက်ကွဲသံများကြားနေရကြောင်း တာလောကြီးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဗုံးသံ အရမ်းကြားရတယ်။ မိုးချိန်းသံလားတောင်ထင်ရတယ်၊ ခဏကတော့ လယ်လုပ်နေလို မကြားရဘူး။ ဘယ်လောက်ပစ်ပြီလည်း မသိဘူး။ အခုတောင် လက်နက်ကြီးသံက အချက် ၂၀ ကျော်လောက်ကြားရတယ်” ဟုပြောသည်။

ဆင်ဘိုမြို့ ယခင်က ကျေးရွာဖြစ်သော်လည်း ၂၀၀၂ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခံရပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်းကျော်နေထိုင်သည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ