မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ မီးရထားသံလမ်းအနီးတွင် ယနေ့ ည ၇ နာရီခွဲခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

အာရာဖက် (Alphard) ကားမောင်းနင်လာသည့် အမျိုးသားကို ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်ကို ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ကားနဲ့မောင်းလာတာကို ဆိုင်ကယ်နဲ့တားပြီး ပစ်သွားတာတဲ့။ လေးချက်လောက် ပစ်သွားတယ်လို့ပြောတယ်။ ကျွန်တော်ပြန်လာတော့ အလောင်းကောက်နေပြီ။ စစ်သားတွေ အများကြီးလည်းရောက်နေပြီ။ လူနာတင်ကားရော” ဟုပြောသည်။

ပစ်သတ်ခံခဲ့ရသူမှာ အသက် ၄၀ ဝန်းကျင်ခန့်အရွယ်ရှိ ဦးဖြိုးဝေဆန်းဆိုသူဖြစ်ပြီး မီးရထားသံလမ်းအကူးရှိ အေးမြသာယာရပ်ကွက်ဆိုင်းဘုတ်အနီးတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဘယ်ဘက်က ပါးကိုတစ်ချက်ထိတယ်။ ဘယ်ဘက်ကလက်ကို ကျည်က ဖောက်ထွက်သွားတယ်။ ပါးမှာက ကျည်တော့ဖောက်ထွက်မသွားဘူး။ သူရဲ့ခန္ဓာကိုယ်မှာထိတာက အဲ့ကျည်နှစ်ချက်ပဲဟုတ်တယ်။ သွေးထွက်လွန်ပြီး သေသွားတာ” ဟုပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဒေသအခေါ် ကုန်တင်ကုန်ချ ဂိုထောင်အနီးတွင်လည်း အမျိုးသားတစ်ဦးကို အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး နားထင်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

သတင်း – Doi Awng
ဓါတ်ပုံ – လူမှုကယ်ဆယ်ရေးအဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ