စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာချိန် ဖမ်းဆီးခံခဲ့ရသော ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အင်မထီးကျေးရွာမှ တနယ်ကျေးရွာသို့ ယမန်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးဝင်ရောက်ချိန် လုံခြုံရေးယူနေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ကောင်တွေက မနက်အစောပိုင်းက ဝင်လာတာ။ အဲ့အချိန်မှာ ရွာလုံခြုံရေးအတွက်ကင်းစောင့်နေတဲ့ ပကဖတစ်ယောက်ကိုမိပြီး ဖမ်းသွားပြီးတော့ သူတို့(စစ်ကောင်စီ)တွေက စစ်ဆေးမေးမြန်းဖို့ထင်တယ် ရွာရဲ့အနောက်ဘက်ဖမ်းခေါ်သွားတာ” ဟုပြောသည်။

နောက်တစ်နေ့တွင် ဖမ်းဆီးခံခဲ့ရသူ၏ ရုပ်အလောင်းကို ကျေးရွာအနောက်ဘက်ရှိ ဆည်ဘောင်ပေါ်တွင် လည်ပင်း ပြတ်ရှဒဏ်ရာနှင့် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံထားရသော ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“ဦးခေါင်းတွေ ရိသွားတဲ့အနေအထား။ မျက်လုံးတွေ တော်တော်ကြီးကို ဖူးရောင်နေတဲ့အနေအထားမှာရှိတယ်။ မျက်နှာတစ်ခုလုံးက မဲပုပ်နေပြီး ရက်ရက်စက်စက် နှိပ်စက်ခံထားရတဲ့ အနေအထားရှိပါတယ်။ နောက်ပြီးတော့ ဓားနဲ့ လည်ပင်းလှီးပြီးတော့ သတ်သွားတဲ့ အနေအထားပါ” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ယနေ့ နံနက် လေးနာရီခန့်က တနယ်ကျေးရွာရှိ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ထွက်ခွာသွားကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်ကိုဇော်ထက်ကပြောသည်။

“ရွာကိုအခြေအနေ လေ့လာဖို့ ကပ်တဲ့အချိန် ဒီကောင်တွေ(စစ်ကောင်စီ)က မရှိတော့ဘူး။ ရွာကိုမီးရှို့နေရာကို အဝေးကနေတော့တွေ့လိုက်တယ်။ အဲ့မီးရှို့တဲ့အချိန် ထွက်သွားတယ်လို့တော့ ယူဆရတယ်။ မိုးလည်းရွာနေတော့ နေအိမ်ကိုးလုံးပဲ လောင်သွားတယ်” ဟုပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(ပကဖ)မှာ အသက် ၆၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို ယနေ့ မွန်းလွှဲ သုံး နာရီခန့် မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တနယ်ကျေးရွာဒေသခံများမှာ စစ်ကြောင်းဝင်ရောက်လာချိန် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့မှာ ရွာအတွင်းပြန်လည်နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ တနယ်ကျေးရွာအုပ်စုတွင် ကျေးရွာသုံးရွာပါဝင်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ လေးထောင်ကျော်ခန့်နေထိုင်သည်။

သတင်း – Dureng
ဓါတ်ပုံ – ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ