ဖားကန့်မြို့ မှော်စီစာကျေးရွာရှိ လုပ်ကွက်ဟောင်း‌ရေကန်တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ကမ်းပါးပြိုကျသောကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦး ရေစီးနှင့်မျောပါသွားပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

အောင်သာယာရပ်ကွက် (၂) ရှိ လုပ်ကွက်ဟောင်းအနီးရေချိုးနေစည် ကမ်းပါးပြိုကျခဲ့သောကြောင့် ရေစီးနှင့်အတူမျောပါသွားခြင်းဖြစ်ကာ အနီးရှိ လုပ်ကွက်ရေကန်အတွင်း ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု အသက် ၃၆ နှစ်ခန့်အရွယ်ရှိ ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အတူတူရေချိုးနေကြတဲ့အချိန်ဖြစ်သွားတာ မိုးလည်းအရမ်းမရွာဘဲနဲ့ ကမ်းပါးကမြင့်တယ် အချပ်လိုက်ကြီး ဝုန်းခနဲဆိုပြီး ပြိုကျတာ။ ရေတွေကလည်း အကုန်လျှံထွက် အဲ့ရေတွေနဲ့ပဲ လေးယောက်လုံးပါသွားတာ။ ပြိုကျတဲ့အချိန် ရေလှိုင်းက အိမ်အထိရောက်တယ်” ဟုပြောသည်။

ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆယ်ယူနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိထားသော်လည်း အသက် ၃၇ နှစ်ခန့်အရွယ်ရှိ ဒေါ်ခင်ဆွေမာ (ခ) မလေး ဆိုသူမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

ပျောက်ဆုံးနေသူကို ရေကန်အတွင်းရှာဖွေမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး အမြန်ဆုံးပြန်တွေ့စေလိုကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ချိုးတာက ဘေးကန်မှာ ရေလှိုင်းကရိုက်တော့ ဘေးကကန်ထဲရေနဲ့ရိုက်ပြီး ပါသွားတာလို့ပြောရမယ်။ သူ့မိသားစုဝင်တွေကလည်း တော်တော်တွေ့ချင်နေပြီ ကမ်းပါးပေါ်ကနေ ငိုပြီးစောင့်နေတယ်” ဟုပြောသည်။

 

ဖားကန့်မြို့ မော်မောင်းဘွမ်ကျေးရွာတွင်လည်း ယမန်နေ့ ဩဂုတ်လ ၄ ရက်နေက မိုးသည်းထန်စွာရွာသွန်းချိန် ကမ်းပါးပြိုကျခဲ့သောကြောင့် အသက် ၆၅ နှစ်ခန့်အရွယ်ရှိ ဦးဖိုးချင်းဆိုသူသေဆုံးခဲ့သည်။

ဖားကန့်မြို့ ဆိုင်းဂျာဘွမ်ကျေးရွာတွင်လည်း ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က ရေမဆေးကျောက်ရှာဖွေနေသူ တစ်ဦး ရေနစ်သေဆုံးခဲ့သည်။

ဖားကန့်မြိုနယ်ရှိ ရွှေကျောက်တူးဖော်သော လုပ်ကွက်မြေစာပုံများသည် မြေပြို၊ ကျင်းပြိုကာ နှစ်စဉ် လူအသေအပျောက်များ ရှိနေပြီး ၂၀၂၀ ခုနှစ် မြေစာပြိုကျမှုကြောင့် လူပေါင်းရာနှင့်ချီသေဆုံးခဲ့သည်။

သတင်း – SK

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ