ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံပြည်သူသုံးဦးကို ယမန်နေ့ညနေ ၃ နာရီခန့်က လက်နက်ကိုင်အမျိုးသားငါးဦး လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ဆန်ခါကျေးရွာဘောလုံးကွင်းအနီးရှိ နေအိမ်သို့ အမည်မသိလက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားငါးဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အသက် ၄၂ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကားနဲ့လာဖမ်းသွားတယ် ဘာကြောင့်ဖမ်းလဲတော့ ကျွန်တော်တို့လည်းမသိရသေးဘူး။ လူငါးယောက်လောက်ရှိတယ်ထင်တယ် အိမ်ထဲဝင်ပြီး ဖမ်းသွားတာကလေ” ဟုပြောသည်။

အဆိုပါ လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားငါးဦးက လာရောက်ဖမ်းဆီးစဉ် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေမှုများလည်း ပြုလုပ်ခဲ့ပြီး ငွေကျပ်သိန်းလေးဆယ်နှင့် ရွှေထည်များလည်း ယူသွားကြောင့် အသက် ၂၄ နှစ်ခန့်အရွယ်ရှိ ဒေသခံ ယောက်ျားလေးတစ်ဦးက ပြောသည်။

“ပစ္စည်းတွေပါ အကုန်ရှာပြီး ယူသွားတာ။ လူကိုရိုက်တာမျိုးတွေ မတွေ့ရဘူး။ အေးဆေးပဲကားပေါ်ခေါ်တင်သွားတာ။ ဘယ်ကိုခေါ်သွားမှန်းတော့ မသိရသေးဘူး” ဟုပြောသည်။

ဖမ်းဆီးခံရသူသုံးဦးမှာ ဦးမောင်ထွန်း၊ ဦးမောင်ကျော်နှင့် ဦးထွန်းထွန်းဝင်းဆိုသူတို့ဖြစ်ပြီး ကျောက်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း ဒေသခံများကပြောသည်။

လာရောက်ဖမ်းဆီးသွားသူများက မည်သူမည်ဝါဖြစ်သည်ကိုလည်း မသိရှိကြောင်း သိရသည်။

မှော်ဝမ်းကျေးရွာရှိ “ကျော်” ဆေးခန်းမှ အသက် ၆၀ ကျော်ခန့်အရွယ်ရှိ ဒေါက်တာ သိန်းမြင့်ဝေဆိုသူကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားငါးစီးဖြင့် ဩဂုတ်လ ၂ ရက်နေ့က လာရောက်ဖမ်းဆီးသွားသည်။

ဖားကန့်မြို့ မှော်ဝမ်းကျေးရွာနေ မီးသတ်အရာရှိဗိုလ်တစ်ဦးကိုလည်း ဇူလိုင်လ ၁ ရက်နေ့က အမည်မသိ အမျိုးသားသုံးဦး ကားဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်။

သတင်း – SK

ဓာတ်ပုံ – လုံးခင်းကျေးရွာအုပ်စု

သင့်ထင်မြင်ချက်ရေးပေးပါ